News

POST TYPE

LATEST NEWS POST

မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
13-Dec-2018


မုံရွာ၊ ဒီဇင်ဘာ ၁၃

လက်ရှိအချိန်အထိ အမှုမှန်မပေါ်ပေါက်သေးသည့် မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ၂ နှစ်ပြည့် အောက်မေ့ဖွယ် ဆီမီးထွန်း ဆုတောင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတွင် ကျင်းပခဲ့ပြီး မြို့ခံများက ဆီမီးထွန်းကာ အမှုမှန်ပေါ်ရန် ဆုတောင်းခဲ့ကြသည်။

“ဒီပွဲကို ကျွန်မ ဦးဆောင်လုပ်တာပါ။၂ နှစ်ပြည့်နေပြီ။ အမှုက မပေါ်သေးတော့ မေ့သွားမှာစိုးလို့။ ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူတွေ အမှုမှန်ဖော်ပေးဖို့ တောင်းပန်ပါတယ်”ဟု ကိုစိုးမိုးထွန်း၏ဇနီးဖြစ်သူ မခင်ချိုလတ်က ပြောဆိုသည်။

Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန်က ပြည်ထောင်စုလမ်းဘေး၌ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဆုတောင်းပွဲကို ညနေ၄ နာရီကျော်မှ ၅ နာရီခွဲခန့်အထိ မြို့ခံသတင်းသမားများနှင့် မြို့ခံ ၃၀ နီးပါးက ဆီမီးထွန်းဘုရားရှစ်ခိုးကာ အမှုမှန်ပေါ်ရန် ဆုတောင်းခဲ့ကြပြီး မန္တလေးမြို့မှလည်း သတင်းသမားအချို့ လာရောက်ပါဝင်ခဲ့သည်။

R-08