News

POST TYPE

LATEST NEWS POST

ဖရဲသီးခိုးစားသူ လူငယ်တစ်ဦး ကြိုးနှင့်တုပ်၍ ဓားနှင့်ခုတ်ခံရ
10-Dec-2018

မန္တလေး၊ ဒီဇင်ဘာ ၁၀ 

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဖောင်းကတောကျေးရွာတွင် ဒီဇင်ဘာလ ၉ ရက်က ဖရဲသီးပုံထဲမှ ဖရဲသီးတစ်လုံး ခိုးယူစားမိသူ လူငယ်တစ်ဦး ဓားဖြင့် ခုတ်ခံရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖောင်းကတောကျေးရွာမှ အသက် ၁၅ နှစ်ရှိ ယောက်ျားလေးတစ်ဦးသည် ဖရဲစိုက်ခင်းအတွင်း ပုံထားသည့် ဖရဲသီးပုံထဲမှ တစ်လုံးကို ခိုးယူခွဲစားမိသဖြင့် စိုက်ခင်းမန်နေဂျာဖြစ်သူနှင့် ဝန်ထမ်းတစ်ဦးတို့က တဲတစ်ခုအတွင်းခေါ်ကာ ကြိုးနှင့်တုပ်ပြီး ထိုးကြိတ်ခဲ့သည့်အပြင် ကျောကိုပါ ဓားနှင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

ယင်းသို့ပြုလုပ်ခံရမှုကြောင့် ယင်းယောက်ျားလေးမျက်နှာ၊ ဦးခေါင်းတို့တွင် ထိုးကြိတ်ရိုက်နှက်ထားသည့် ဒဏ်ရာများ၊ ကျောပြင်တွင် ဓားရာများ တွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၂၈ နှစ်ရှိ စိုက်ခင်းမန်နေဂျာ စိုင်းမောင်ရီနှင့် အသက် ၃၅ နှစ်ရှိ စိုင်းစိုင်းအောင်တို့ကို ငါန်းဇွန်မြို့မ ရဲစခန်းတွင် နာကျင်စေမှု၊ ချုပ်နှောင်မှု၊ ပူးပေါင်းကျူးလွန်မှု ပုဒ်မများဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၂၆/ ၃၂၅ / ၃၄၂/ ၁၁၄ အရ အမှုဖွင့် ဖမ်းဆီးထားသည်။

M-04