News

POST TYPE

LATEST NEWS POST

သစ်တောဦးစီးဌာနက သစ်တောကြိုးဝိုင်းမြေ ဧက၂၀၀၀ ကျော် ပယ်ဖျက်ပေး
10-Dec-2018



တိုက်ကြီး၊ ဒီဇင်ဘာ ၉ 

မြိုင်ဟေဝန်ဆင်စခန်းမှ သစ်ထုတ်လုပ်ရေးဆင် ၃၄ ကောင်အတွက် စားကျက်မြေမရှိတော့သဖြင့် တိုက်ကြီးမြို့နယ်သစ်တော ဦးစီးဌာနက သစ်တောကြိုးဝိုင်းမြေ ဧက နှစ်ထောင်ကျော် ပယ်ဖျက်ပေးလိုက်ကြောင်း ယင်းဦးစီးဌာနမှ တောအုပ်ဦးသိန်းသန်းထွန်းက ပြောကြားသည်။ 

သာယာဝတီခရိုင် သစ်ထုတ်လုပ်ရေးစခန်းက အောက်တိုဘာလဆန်းပိုင်းတွင် ဆင်စားကျက်မြေ လျှောက်ထားခဲ့ကြောင်း၊ သစ်တောဦးစီးဌာနအနေနှင့် သစ်တောကြိုးဝိုင်းပယ်ဖျက်ပေးရန် ခရိုင်နှင့်တိုင်းအဆင့်ဌာနများသို့ အဆင့်ဆင့်တင်ပြပေးခဲ့ရာမှ ဒီဇင်ဘာလ ၃ ရက်နေတွင် ဧက နှစ်ထောင်ကျော် ပယ်ဖျက်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

ယခင်ကမြိုင်ဟေဝန် ဆင်စခန်းပတ်ဝန်းကျင်၌ ဆင်ကျောင်းစားကျက်များရှိသော်လည်း သစ်တောဦးစီးဌာနက နှစ်ရှည်ပင်များစိုက်ပျိုးလိုသည့် ကုမ္ပဏီများထံ နှစ် ၃၀ စာချုပ်များဖြင့် ငှားရမ်းထားသဖြင့် ဆင်စားကျက်များရှားပါးလာကြောင်း၊ ယင်းကြောင့် ဆင်စားကျက်မြေများ လျှောက်ထားရခြင်းဖြစ်ကြောင်း သာယာဝတီသစ် ထုတ်လုပ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“ကျွန်တော်တို့ဆင်တွေ စားကျက်ရှားလာတာကြောင့် လှည်းကူးမှာရှိတဲ့ ပေါင်းလောင်းဆည်အနီးမှာ သွားကျောင်းရတယ်။ မြိုင်ဟေဝန်ဆင်စခန်းကနေ ပေါင်းလောင်းဆည်အထိ မိုင် ၈၀ နီးပါးဝေးတဲ့ နေရာကို သွားကျောင်းရတော့ ဆင်ဦးစီးတွေ ကိုယ်တိုင်လိုက်ကျောင်းနေရတဲ့ သဘောဖြစ်နေတယ်။ အခုလို သစ်တောပိုင်ကြိုးဝိုင်းမြေကိုပယ်ဖျက်တော့ ဆင်တွေအတွက်လည်းအဆင်ပြေ ဆင်ဦးစီးတွေလည်း အဆင်ပြေတာပေါ့ဗျာ”ဟု မြိုင်ဟေဝန်ဆင်စခန်းမှ ဆင်ဦးစီး ဦးကျော်ဆန်းအောင်က ပြောဆိုသည်။ 

သစ်ထုတ်လုပ်ရေး လုပ်ငန်းများ မရှိသော်လည်း မြိုင်ဟေဝန်ဆင်စခန်းအနေနှင့် ဆင် ၃၄ ကောင်ကို ထိန်းကျောင်းထား ရပြီး တိုက်ကြီးမြို့နယ်အတွင်း တောဆင် ရိုင်းများဝင်ရောက်ပါက ယင်းဆင်များဖြင့် တောဆင်ရိုင်းများကို ခြောက်လှန့်မောင်းထုတ်ပေးရသည့်အလုပ်များကို လုပ်ဆောင်နေရသည်။

R-19