News

POST TYPE

LATEST NEWS POST

တရုတ်-မြန်မာ ကုန်စည်ပြပွဲတွင် ကုန်သွယ်အတားအဆီးကိစ္စများ ညှိနှိုင်းမည်
09-Dec-2018

ရန်ကုန်၊​ ဒီဇင်ဘာ ၉

မူဆယ်တွင် ဒီဇင်ဘာလလယ်၌ ကျင်းပမည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေး၌ ဆန်၊ သကြားနှင့် အခြားလယ်ယာထွက်ပစ္စည်းများ ဖမ်းဆီးခံနေရမှုများကို ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ 

“ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း တရုတ်သံရုံးတို့ တရုတ်နိုင်ငံဘက်က တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ တောက်လျှောက်ဆွေးနွေးနေပါတယ်။ တရုတ်-မြန်မာ ကုန်စည်ပြပွဲမှာလည်း ဒီကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်”ဟု ၎င်းကဆိုသည်။ 

လက်ရှိတွင် မူဆယ်နယ်စပ်၌ အဖမ်းအဆီးများသောကြောင့် မြန်မာ့ထွက်ကုန်များကို ချင်းရွှေဟော်၊ လွယ်ဂျယ် အစရှိသည့် ကုန်သွယ်ရေးစခန်းများမှ တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း ၎င်းက ရှင်းပြသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မူဆယ်နယ်စပ်၏ ပို့ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ရှိပြီး ယခင်နှစ် ကာလတူ ပို့ကုန်ပမာဏ အခြေအနေကမူ အမေရိကန်ဒေါ်လာ ၇၁၄ သန်းရှိသောကြောင့် ယခုနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် လျော့နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယခုအချိန်သည် ဆန်သစ်များ ထွက်သည့်အချိန်ဖြစ်ပြီး တရုတ်ဘက်ကလည်း အဝယ်ရပ်ထားသည့်အတွက် ပြည်တွင်းတွင် စပါးဈေးနှင့် ဆန်ဈေးများ ကျဆင်းလျက်ရှိကြေင်း မူဆယ်ဒေသခံ ကုန်သည်ဦးလှမောင်က ပြောကြားသည်။

“အခုဆို အရောင်းအဝယ်ရပ်နေတာ နှစ်လကျော်သွားပြီ အသီးအနှံတွေပဲ ရောင်းရတယ်။ ကျန်တာတွေ ရပ်နေတယ်”ဟု ၎င်းကဆိုသည်။

တရုတ်နှင့် မြန်မာ၏ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာဘက်က တရားဝင်ဟုသတ်မှတ်ထားသော်လည်း တရုတ်နိုင်ငံက တရားဝင်ဟုသတ်မှတ်ထားခြင်းဖြစသည်။ 

တရားဝယ်ကုန်သွယ်ရေးဖြစ်စေရန် နှစ်ဖက်အစိုးရများ ညှိနှိုင်းနေသော်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း ကုန်သည်များက ဝေဖန်ကြသည်။

J-13