News

POST TYPE

LATEST NEWS POST

ရိုက်တာသတင်းထောက် ၂ ဦး ဖမ်းဆီးခံရခြင်း တစ်နှစ်ပြည့် စုဝေးပွဲလုပ်မည်
09-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၉

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်စီ ချမှတ်ခံရသော ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်း တစ်နှစ်ပြည့်စုဝေးပွဲကို ဒီဇင်ဘာလ ၁၂ ရက် ညနေ ၄ နာရီခွဲတွင် မဟာဗန္ဓုလပန်းခြံ၌ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ခန့်က ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း အသံအဖွဲ့ ဒါရိုက်တာ မောင်ဆောင်းခက ပြောကြားသည်။

“အရင်တစ်ခေါက်လုပ်တုန်းကပါခဲ့တဲ့ ရန်ကုန်ကအဖွဲ့တွေ အများစုပါမယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ဖမ်းဆီးခံရခြင်း တစ်နှစ်ပြည့်အနေနဲ့ အရင်ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့တာတွေကို ထပ်ပြီး ပြောဆိုကြဖို့ရှိပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါနေ့တွင် သတင်းသမားနှစ်ဦးသည် ရခိုင်ပြည်နယ်၊ အင်းဒင်ရွာတွင် လူသတ်မှုဖြစ်ပွားမှုကို ဖော်ထုတ်ရေးသားခဲ့ခြင်းသည် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် မငြိစွန်းကြောင်း၊ ကျူးလွန်သည်ဟုဝန်ခံခဲ့သည့် တပ်မတော်အရာရှိ ၇ ဦးကို တပ်မတော်ဘက်စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် သတင်းအမှောင်ချခံရခြင်းကို မီဒိယာကျင့်ဝတ်နှင့်အညီ သတင်းရယူခဲ့သူကို အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း FREE Wa Lone and Kyaw Soe Oo တီရှပ်များဝတ်ဆင်၍ ၎င်းတို့လွတ်မြောက်ရန် ဆုတောင်းစကား၊ မိုးပျံပူဖောင်းလွှတ်ခြင်းနှင့် အမှတ်တရစကားပြောခြင်းများ အဓိက ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သတင်းသမားများ ကာကွယ်ရေးကော်မတီမှ ကိုသာလွန်ဇောင်းထက်က “ကမ်ပိန်းမှာ အမှုကို သုံးသပ်ချက်က တွေ့ရှိချက်တွေကို ပြောတာမျိုးလုပ်မယ်။ ကျန်တာတော့ အသံအဖွဲ့က အစီအစဉ်တိုင်း လုပ်ဆောင်သွားပါမယ်”ဟု ဆိုသည်။

သတင်းထောက်နှစ်ဦး အယူခံလျှောက်လဲချက်ကို ဒီဇင်ဘာလ ၂၄ ရက်တွင် ကြားနာမည်ဖြစ်ကြောင်း ကိုဝလုံးဇနီး မပန်းအိက ပြောကြားသည်။ 

ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း တောင်းဆိုခဲ့သည်။ 

ရိုက်တာသတင်းထောက်နှစ်ဦးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က စတင်ဖမ်းဆီးခံရပြီး တစ်နှစ်ပြည့်ပြီဖြစ်သည်။

J-18