News

POST TYPE

LATEST NEWS POST

ရွှေပြည်သာတွင် လူသတ်မှုဖြစ်
09-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၉ 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ၁၈ ရပ်ကွက်၊ သမာဓိလမ်းသွယ်တွင် အရက်မူးနေသူ အမျိုးသားတစ်ဦးက ၎င်းသွားသည့် လမ်းအားပိတ်ဆို့သည်ဟုဆိုကာ ပလတ်စတစ် ဘူးခွံလိုက်ကောက်နေသည့် အမျိုးသားကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့်ထိုးသူဟု တိုင်ကြားခံရသူ အသက် ၂၅ နှစ် ရဲလင်းထွန်းမှာ သမာဓိလမ်းသွယ်တွင် နေထိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက လမ်းပေါ်တွင် ပလတ်စတစ် ဘူးခွံများ လိုက်ကောက်နေသည့် အသက် ၂၂ နှစ် အမျိုးသားတစ်ဦးနှင့် လမ်းပိတ်သည့်ကိစ္စဖြင့် စကားများ ရန်ဖြစ်ခဲ့သည်။ 

“အရက်မူးနေသူက သူသွားမယ့် လမ်းရှေ့မှာ ဘူးခွံကောက်တဲ့သူ ပိတ်နေလို့ လမ်းမလွတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စကားများ ရန်ဖြစ်ခဲ့ကြတာ။ ဓားနဲ့ထိုးခံရသူက ဗိုက်မှာ ထိုးသွင်းဒဏ်ရာ တစ်ချက် ရခဲ့တယ်။ အင်းစိန်ဆေးရုံ တင်ပို့ပြီးကုသပေးခဲ့ပေမယ့် အခင်းဖြစ်နေ့ မွန်းလွဲ ၃ နာရီမှာ သေဆုံးသွားတယ်”ဟု ရဲအရာရှိက ပြောသည်။ 

ဓားဖြင့်ထိုးခံရသူ အသက် ၂၂ နှစ် အမျိုးသားမှာ သေဆုံးခဲ့သဖြင့် ရဲလင်းထွန်းကို ရွှေပြည်သာမြို့မရဲစခန်းက အပြင်းအထန် နာကျင်စေမှုမှ လူသတ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ပြီး ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03