News

POST TYPE

LATEST NEWS POST

ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဆရာဝန်အယောင်ဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းမိ
09-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၈

လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းက ဆရာဝန်အယောင်ဆောင်အမျိုးသမီးတစ်ဦးကို ဆေးရုံတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၃၅ နှစ် မရှင်နှောင်းမှာ လသာမြို့နယ်ရှိ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်က ဗဟိုအမျိုးသမီး ဆေးရုံကြီး  (E) အဆောင် အခပေး အထူးခန်း (၁၉)သို့ ဆရာဝန်အယောင်ဆောင်၍ ဝင်ရောက်လာခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။

"သူ ဝင်သွားတဲ့အခန်းမှာ ဒေါက်တာ အမျိုးသမီးတစ်ယောက်က ဆေးရုံတက်နေတယ်။ အဲ့ဒါကြောင့်ပဲ သူ့ကို ဆရာဝန်အယောင်ဆောင်ထားသူမှန်း ရိပ်မိပြီး ဆေးရုံကို အသိပေးလိုက်တာ။ တာဝန်ကျသူနာပြုတွေက အဲဒီအမျိုးသမီးကို လိုက်ရှာတော့ အထူးခန်း ၂၂ မှာ ရှာတွေ့ခဲ့လို့ သူနာပြုအုပ်ကြီး ရုံးခန်းခေါ် စစ်ဆေးရာမှ ဆရာဝန်အယောင်ဆောင်ထားသူဖြစ်ကြောင်း သိရှိခဲ့ရတယ်"ဟု လမ်းမတော် မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ ဆရာဝန်အယောင်ဆောင်သူ မရှင်နှောင်းထံမှ ဂျူတီကုတ်အင်္ကျီတစ်ထည်နှင့် နားကြပ်တစ်ခု၊ ရှင်နှောင်းအမည်ပါ ဗဟိုအမျိုးသမီးဆေးရုံကြီး စာတန်းပါရှိသည့် ရင်ထိုးတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းကိုပြည်သူ့ဝန်ထမ်း ဝတ်ဆင်/ကိုင်ဆောင်သော အဝတ်တန်ဆာများကို လိမ်လည်လိုသည့် ကြံရွယ်ချက်ဖြင့် ဝတ်ဆင်မှု ပုဒ်မ ၁၇၁ ဖြင့် အရေးယူထားကြောင်း လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

"ဆရာဝန်အယောင်ဆောင်တာ ဘာကြောင့်လဲမေးတော့ ဘာမှ ရည်ရွယ်ချက်မရှိပါဘဲ ပြောသွားတယ်။ စိတ်ရောဂါရှိလားဆိုတော့လည်း မရှိဘူးတဲ့။ ဒါဆို ဘာကြောင့်လဲ မေးတော့ အတိအကျကို မဖြေဘူး"ဟု ရဲအရာရှိတစ်ဦးက ပြန်လည်ပြောပြသည်။

S-03