News

POST TYPE

LATEST NEWS POST

တွန်းဇံနှင့်ကျီခါးမြို့နယ်မှ ဘိန်းစိုက်ခင်းဧက ၁၂၀ ကျော် ဖျက်ဆီး
07-Dec-2018

ကလေး၊ ဒီဇင်ဘာ ၇

ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့်ကျီခါးမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်း ဧက ၁၂၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း တွန်းဇံမြို့မရဲစခန်းမှ သိရသည်။

ယင်းနှစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် ဘိန်းခင်းများကို နိုဝင်ဘာ ၂၄ ရက်မှစ၍ ဒီဇင်ဘာ ၄ ရက်အထိ ချင်းပြည်နယ်ရှိ ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်းလိုက်လံဖျက်ဆီးခဲ့ရာ ဘိန်းစိုက်ခင်း ဧက ၁၂၃ ဧကကို ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဘိန်းခင်းများကို ဖျက်ဆီးမှုအနေဖြင့် တွန်းဇံမြို့နယ် ကျေးရွာ ၇ ရွာ အနီးတစ်ဝိုက်နှင့် ကျီခါးမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာ အနီးတစ်ဝိုက်တွင် စိုက်ပျိုးထားသည့် အသီးများသီးနေပြီး အစေးမခြစ်ရသေးသည့် ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တွန်းဇံမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးစိုးဝင်းက ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ တွန်းဇံမြို့နယ်နှင့် ကျီခါးမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း လိုက်လံဖျက်ဆီးခဲ့ရာ ဘိန်းစိုက်ခင်းဧက ၅၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တွန်းဇံမြို့မရဲစခန်းမှတ်တမ်းများအရ သိရသည်။

ချင်းပြည်နယ်အတွင်း မြို့နယ် ၉ မြို့နယ်ရှိသည့်အနက် တွန်းဇံမြို့နယ်နှင့် ကျီခါးမြို့နယ်များသည် ဘိန်းစိုက်ပျိုးမှု ပြုလုပ်ကြသည့်မြို့များဖြစ်ကြောင်း ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

R-20