News

POST TYPE

LATEST NEWS POST

ဂျော့ဘွတ်ရှ်စီနီယာ၏ အသုဘသို့ ကမ္ဘာ့ခေါင်းဆောင်များတက်ရောက် ဂါရဝပြု
07-Dec-2018

ဝါရှင်တန် ဒီဇင်ဘာ ၆

ဝမ်းနည်းပူဆွေးနေသော ဂျော့ဘွတ်ရှ် ဂျူနီယာသည် ဝါရှင်တန်တွင် ပြုလုပ်သော ၎င်း၏ဖခင် သမ္မတဟောင်း ဂျော့အိပ်ခ်ျ ဒဗလျူဘွတ်ရှ်၏ အသုဘအခမ်းအနားသို့ တက်ရောက် ဂါရဝပြုခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကိုယ်တိုင်က သမ္မတဟောင်းတစ်ဦးဖြစ်သူ ဂျော့ဘွတ်ရှ်ဂျူနီယာက ၎င်း၏ ဖခင်သည် မွန်မြတ်သောပုဂ္ဂိုလ်နှင့် အကောင်းဆုံးဖခင်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန် ဝါရှင်တန်ဒီစီ ကက်သီဒရယ်ဘုရားကျောင်းတွင် ပြုလုပ်သော အသုဘအခမ်းအနားတွင် သက်ရှိအမေရိ ကန်သမ္မတအားလုံး တက်ရောက်လာကာ ခုံတန်းတစ်ခုကို ဝေမျှထိုင်ခဲ့ကြသည်။

၁၉၈၉ မှ ၁၉၉၃ အထိ ၄၁ ဦးမြောက် အမေရိကန်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သော ဂျော့ဘွတ်ရှ်စီနီယာသည် ယခင်အပတ် သောကြာနေ့က အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ၎င်းအားဇာတိ တက်ဆပ်ပြည်နယ်တွင် ကွယ်လွန်နှင့်သူ ဇနီးဘာဘရာဘွတ်ရှ်နှင့် ဘေးခြင်းယှဉ်၍ မြှုပ်နှံမည်ဖြစ်သည်။

ပြည်သူများအတွက် တာဝန်ထမ်းဆောင်ခြင်းသည် မွန်မြတ်သောအလုပ်ဖြစ်ပြီး မရှိမဖြစ် လိုအပ်သည်ဟု ဖခင်ကသင်ကြားပေးခဲ့ကြောင်း ဂျော့ဘွတ်ရှ်ဂျူနီယာက ပြောကြားသည်။

ဖိတ်ကြားခံရသူများသာ တက် ရောက်ခွင့်ရှိသော ဝါရှင်တန် ကက်သီဒရယ် ဘုရားကျောင်း အသုဘအခမ်းအနားသို့ လက်ရှိသမ္မတ ထရမ့်နှင့် သမ္မတဟောင်းများဖြစ်ကြသော ဘားရက်အိုဘားမား၊ ဘီလ်ကလင်တန်၊ ဂျင်မီကာတာတို့ တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်များထဲတွင် ဝေလမင်းသားချားလ်စ်၊ ဂျာမန်အဓိပတိ မာကယ်နှင့် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနှစ်တို့ ပါဝင်သည်။ ထို့ပြင် မစ္စတာဘွတ်ရှ်လက်ထက်က ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာလည်း တက်ရောက်ဂါရဝပြုခဲ့သည်။

ဗုဒ္ဓဟူးနေ့ကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ကြေညာထားပြီး အစိုးရရုံးများနှင့် စတော့အိပ်ချိန်းတို့ကိုလည်း ပိတ်ထားခဲ့သည်။

ကက်သီဒရယ် အသုဘရှု အခမ်းအနားအပြီးတွင် အမေရိကန်အလံ ရစ်ပတ်ထားသော မစ္စတာဘွတ်ရှ်၏ ခေါင်းကို ဂုဏ်ပြုတပ်ဖွဲ့ ခြံရံစောင့်ကြပ်ကာ တက်ဆပ် ပြည်နယ် ဟူစတန်သို့ လေယာဉ်ဖြင့် သယ်ဆောင်သွားခဲ့သည်။

အလောင်းကို တက်ဆပ်စ် ဟူစတန် စိန့်မာတင် အက်ပီစကုတ်ပယ်ဘုရားကျောင်းတွင် အများပြည်သူဂါရဝပြုနိုင်ရန် ကြာသပတေးနေ့နံနက်အထိ ထားရှိသည်။ ထို့နောက် ဘွတ်ရှ် ၄၁၄၁ ဟု အမည်ပေးထားသော အထူးရထားဖြင့် တက်ဆပ် သမ္မတများဆိုင်ရာ စာကြည့်တိုက်ဝင်းသို့ ဆက်လက်သယ်ဆောင်ကာ ကွယ်လွန်နှင့် သူ့ဇနီး ဘာရာဘွတ်ရှ်နှင့် ဘေးခြင်းကပ်လျက် မြှုပ်နှံမည်ဖြစ်သည်။ 

F-04