News

POST TYPE

LATEST NEWS POST

ရွှေပြည်သာဆေးရုံရှေ့တွင် ကားခိုးမှုကျူးလွန်သူကို ဖမ်းမိ
07-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၆ 

အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ပွဲရုံဝင်းရှိ မော်တော်ယာဉ်တစ်စီး ပျောက်ဆုံး နေမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်းက ကားခိုးမှုကျူးလွန်သည့် အမျိုးသားတစ်ဦးကို ရွှေပြည်သာဆေးရုံရှေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဖမ်းမိသူ အသက် ၄၄ နှစ် စိုးဝင်းမှာ ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက် နံနက် ၄ နာရီက စော်ဘွားကြီးကုန်း ပွဲရုံဝင်း၊ ကျောက်စိမ်း(၇)လမ်းရှိ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေး ဆိုင်ရှေ့တွင် ရပ်ထားသော နစ်ဆန်းအက်တလတက်အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီးကို ခိုးယူခဲ့သည်။

“ခိုးမှုကျူးလွန်သူက စော်ဘွားကြီးကုန်းပွဲရုံဝင်းက အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးဆိုင်မှာ ယာဉ်မောင်းလုပ်ခဲ့ဖူးတယ်။ ဆိုင်ရှေ့မှာရပ်ထားတဲ့ကားကို သူလာယူတာကို ဆိုင်ညစောင့်က တွေ့လိုက်တယ်။ ဆိုင်ရှင်က ကားယူခိုင်းလို့ လာယူတာထင်ပြီး ညစောင့်အမျိုးသားကလည်း ဘာမှမမေးမမြန်းမိလိုက်ဘူး။ တရားခံကို သိရတာကြောင့် အခင်းဖြစ်နေ့မှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

ခိုးယူလာသည့် မော်တော်ယာဉ်ကို ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာ အုပ်စု၊ စည်ပင်သာယာကျေးရွာရှိ ခြံဝင်းတစ်ခုတွင် သွားရောက်ဝှက်ထားကြောင်း ဖမ်းမိသူ စိုးဝင်းကထွက်ဆိုသဖြင့် သက်သေခံမော်တော်ယာဉ်ကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ၎င်းကို အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၉ (ကား) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03