News

POST TYPE

LATEST NEWS POST

စားသုံးရန်မသင့်သည့် ထိုင်းနိုင်ငံထုတ် မက်မန်းသီးတစ်မျိုး ဈေးကွက်အတွင်း သိမ်းဆည်းမည်
07-Dec-2018

ထားဝယ်၊ ဒီဇင်ဘာ ၆

ထိုင်းနိုင်ငံထုတ် မက်မန်းသီးတစ်မျိုးကို ဓာတ်ခွဲစစ်ဆေးချက်အရ စားသုံးရန်မသင့်ကြောင်း အဖြေထွက်သည့်အတွက် ဈေးကွက်အတွင်း ကွင်းဆင်းသိမ်းဆည်းရန် နိုဝင်ဘာလ နောက် ဆုံးအပတ်က ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော် မတီအတွင်းရေးမှူးက ပြောသည်။

ထိုင်းနိုင်ငံထုတ် New Choice အမှတ်တံဆိပ် မက်မန်းသီးတွင် ဓာတု တာရှည်ခံဆေး  (Sodium Benzoate) သတ်မှတ် ပမာဏထက် ပိုနေသည့်အတွက် သိမ်းဆည်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဓာတုတာရှည်ခံဆေး  (Sodium Benzoate) သတ်မှတ်ပမာဏထက်များ ပြားစွာစားသုံးမိပါက အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေပြီး သတ်မှတ်ပမာဏ ထက် အနည်းငယ်ပိုမိုစားသုံးမိပါက မျက်လုံးနှင့် အရေပြားယားယံခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းကာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ကြောင်း အထက်ပါအတွင်းရေးမှူးက ရှင်းပြသည်။

ယင်းအတွက်ကြောင့် အထက်ပါ မက်မန်းသီးများကို ဈေးကွက်အတွင်း ကွင်းဆင်းသိမ်းဆည်းရန် တိုင်းအတွင်းရှိ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးကော်မတီများကို ညွှန်ကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“တွေ့ရင် ပစ္စည်းသိမ်းပြီး ခံဝန်ထိုးခိုင်းမယ်၊ နောက်တစ်ခါထပ်တွေ့ရင် ကော်မတီ ကိုတင်ပြပြီး ဥပဒေအရ အရေးယူသွားမယ်” ဟု တိုင်းကော်မတီ အတွင်းရေးမှူးက ပြောသည်။

ထိုင်းနိုင်ငံထုတ် New Choice အမှတ်တံဆိပ် မက်မန်းသီးအနီနှင့် အဝါတို့ကို ဓာတ်ခွဲစစ်ဆေးရာ မက်မန်းသီးအနီတွင် ဓာတုတာရှည်ခံဆေး သတ်မှတ်ပမာဏထက် ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တံဆိပ် မက်မန်းသီးကို ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်အချို့တွင် ရောင်းချလျက်ရှိသည်။

Dawei Watch