News

POST TYPE

LATEST NEWS POST

ပုသိမ်ကြီးဒေသခံအချို့ ဈေးချိုတွင် တောင်းရမ်းစားသောက်သည့်ပုံစံ လှုပ်ရှားမှုလုပ်
06-Dec-2018


မန္တလေး၊ ဒီဇင်ဘာ ၅

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသော တစ်ရက် တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ကန့်ကွက်ခဲ့သူများအနက် ထောင်တစ်လချမှတ်ခံရသည့် တောင်သူ မိသားစုဝင်အချို့သည် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးဈေးချိုတော်တွင် တောင်းရမ်း စားသောက်နေရသည့်ပုံစံဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

“ကျွန်မအမျိုးသားကို အတင်းအဓမ္မအနိုင်ကျင့်ပြီး ထောင်ချလိုက်တယ်။ ကျွန်မမှာ ကလေးသုံးယောက်နဲ့ လုပ်ကိုင်မစားနိုင်လို့ အခုလိုလုပ်ရတာ”ဟု ဈေးချိုတော်၌ တောင်းရမ်းမှုပြုခဲ့သူ အောင်သပြေ ကျေးရွာဒေသခံ ဒေါ်သင်းခိုင်က ပြောကြားသည်။

အောင်သပြေကျေးရွာဒေသခံ ဒေါ်သင်းခိုင်၏ခင်ပွန်း ဦးထွန်းနိုင် အပါအဝင် တောင်သူငါးဦးကို လမ်းပိတ်ဆို့မှု (ရာဇသတ်ကြီးပုဒ်မ- ၃၄၁) ဖြင့် ပုသိမ် ကြီးမြို့နယ်တရားရုံးက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အလုပ်မဲ့ထောင်ဒဏ်တစ်လ ချမှတ်ထားခဲ့သည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အောင်သပြေ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက်-တကာ၊ တောင်ကန်၊ ပြည်သာယာ စသည့် ကျေးရွာများအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တစ်ရက် တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိရာ ယင်းဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒထုတ်ဖော်သူများနှင့် မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ဖောက်လုပ်ထားသည့် လမ်းမြေပေါ် ကျူးကျော်သူများ စုစုပေါင်း ၁၆ ဦး အမှုရင်ဆိုင်နေရသည်။ 

M-01