News

POST TYPE

LATEST NEWS POST

ကွတ်ခိုင်တွင် ယာဉ်မောင်းလေးဦးကို ကေအိုင်အေက ဖမ်းဆီး
05-Dec-2018
မူဆယ်၊ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နားနွဲ့ကျေးရွာအနီး၌ ဒီဇင်ဘာလ ၄ ရက်နေ့က ကေအိုင်အေလက်နက်ကိုင်အဖွဲ့က နွားတင်ယာဉ်လေးစီးမှ ယာဉ်မောင်းများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်ထောင်စုလမ်း၊ မိုင်တိုင်အမှတ် ၂၂၈/၇-၈ အကြား ကွတ်ခိုင်မြို့နယ်၊ နားနွဲ့ကျေးရွာအနီးတွင် KIA လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်က လမ်းဘေးတောထဲမှထွက်လာပြီး နွားတင်ယာဉ်များကို တားဆီးကာ ယာဉ်မောင်းသူများကို လမ်းအနောက်ဘက်တောထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ နွားတင်လာသည့် ၁၂ ဘီးယာဉ်များမှာ ကုမ္ပဏီ၏ တရားဝင် တင်ပို့ခွင့်လိုင်စင်ဖြင့် နွားများကို တင်ဆောင်လာခြင်းဖြစ်ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

“ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပြန်လွတ်မလာသေးပါဘူး။ နွားထိန်းတွေ စပယ်ယာတွေနဲ့ နွားတွေကို ထားခဲ့တာဖြစ်တယ်။”ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း သွားလာလှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကျွဲ၊ နွား တင်ပို့နေသူများထံမှ ငွေကြေးကောက်ခံလေ့ရှိသည့်အပြင် နွားတင်ယာဉ်များကိုလည်း မကြာခဏ သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိနေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ကွတ်ခိုင်မြို့နယ်၊ နားနွဲ့ကျေးရွာအနီး၌ နွားတင်ယာဉ်နှစ်စီးမှ ယာဉ်မောင်းနှစ်ဦးကို ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က တောတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။

R-07