News

POST TYPE

LATEST NEWS POST

မြန်မာ့ ဆန်၊ စပါး အရည်အသွေး စံချိန်စံညွှန်း ယခုလ အပြီးရေးဆွဲမည်
04-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၃

အသစ် ပြန်လည်ရေးဆွဲလျက်ရှိသည့် ဆန်၊ စပါး အရည်အသွေးနှင့် စံချိန်စံညွှန်း (Myanmar Rice Standard & Specification) ကို ယခုဒီဇင်ဘာလတွင် အပြီးသတ် ရေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့ ဆန်စပါး စံချိန်စံညွှန်း အရည်အသွေးများ ပြင်ဆင်ရေးကော်မတီထံမှ သိရသည်။

လက်ရှိရေးဆွဲလျက်ရှိသည့် ဆန်နှင့်ပတ်သက်သည့် အရည်အသွေး၊ စံချိန်စံညွှန်းမှာ ၉၅ ရာခိုင်နှုန်း၊ စပါးနှင့်ပတ်သက်သည့် အရည်အသွေး၊ စံချိန်စံညွှန်းမှာ ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆန်စပါး စံချိန်စံညွှန်း အရည်အသွေးများ ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

“စပါးစံချိန်စံညွှန်းက ကျယ်ပြန့်တဲ့အတွက် တောင်သူတွေနဲ့ လေးကြိမ်လောက် တွေ့ပြီး ဆွေးနွေးရဦးမယ်။ နောက်လလောက်ဆို စပါးလည်းပြီးပြီ။ စပါးရော၊ ဆန်ရောပြီးရင် စံချိန်စံညွှန်းကော်မတီကိုတင်ပြပြီး နိုင်ငံတော်အနေနဲ့ ထုတ်ပြန်မယ်”ဟု ၎င်းကပြောဆိုသည်။

ယခုရေးဆွဲနေသည့် အရည်အသွေးနှင့် စံချိန်စံညွှန်းတွင် ယခင်အရည်အသွေးနှင့် စံချိန်စံညွှန်းထက် အရည်အသွေးပိုင်းကို မြှင့်တင်ထားကြောင်း ယင်းပြင်ဆင်ရေးကော်မတီထံမှ သိရသည်။

မြန်မာ့ ဆန်၊ စပါး အရည်အသွေးနှင့် စံချိန်စံညွှန်းများကို ၂၀၁၈ ခုနှစ် ဇွန်လက စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စံချိန်စံညွှန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကမ္ဘာ့ဘဏ် အစုအဖွဲ့ဖြစ်သည့် (International Finance Corporation - IFC) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းရေးဆွဲခြင်းဖြစ်သည်။

“တောင်သူတွေက စံချိန်စံညွှန်းကို မသိဘူး။ စပါးထွက်ဖို့ပဲ စိုက်ကြတာ။ အခု ရေးဆွဲတဲ့စံချိန်စံညွှန်းမှာ အရည်အသွေးကို မြှင့်ထားတယ်ဆိုရင် မျိုးကောင်းမျိုးသန့် ထုတ်ပေးမှ ပိုအဆင်ပြေလိမ့်မယ်။ ဒီမျိုးတွေပဲ ထုတ်ပေးနေရင် စံချိန်စံညွှန်းကို မမီနိုင်ဘူး”ဟု ဓနုဖြူမြို့နယ်မှ တောင်သူ ဦးရင်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပြည်၊ တင်း၊ တောင်းများသည် လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သောကြောင့် အလေးချိန်၊ အချိန်အတွယ်များကို တိတိကျကျ သတ်မှတ်မှုမရှိဘဲ ချိန်တွယ်လျက်ရှိပြီး ပြည်ပ တင်ပို့ရောင်းချသည့်အခါ အလေးချိန် ကွာဟမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ယခုရေးဆွဲလျက်ရှိသည့် ဆန်၊ စပါး အရည်အသွေးနှင့် စံချိန်စံညွှန်းတွင် ဆန်လုံးအဆင့်သတ်မှတ်ခြင်း၊ အလေးချိန်၊ အချိန်အတွယ်များ အတိအကျ သတ်မှတ်ခြင်း၊ တစ်နိုင်ငံလုံး မက်ထရစ်တန်ချိန်ဖြင့် ချိန်တွယ်ရောင်းဝယ်နိုင်ရန် ထည့်သွင်းရေးဆွဲထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

J-11