POST TYPE

LATEST NEWS POST

မြန်မာ-နီပေါ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး MoU ထိုး
04-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၃

မြန်မာ-နီပေါ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးလိုက်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ကပြုလုပ်သည့် နီပေါကုန်စည်ပြပွဲ (Nepal Chamber Expo 2018) တွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ မြန်မာထုတ်ကုန်များဖြင့် ပါဝင်ခင်းကျင်းပြသခြင်း ဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲတွင် နီပေါနိုင်ငံကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Mr.Naresh Shrestha နှင့် ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်တို့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

နားလည်မှုစာချွန်လွှာအရ မြန်မာ-နီပေါ နှစ်နိုင်ငံအကြား စီးပွားရေး အသိုက်အဝန်း မြှင့်တင်ရန်၊ ကုန်သွယ်မှုနှင့် နည်းပညာဆိုင်ရာပြပွဲများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

မြန်မာ-နီပေါ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း၊ ကွန်မြူနစ်ပါတီဥက္ကဋ္ဌ Mr. Pushpa Kamal Dahal နှင့် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ မစ္စတာရာဂျက်ကာရီ ရှရက်စ်သာတို့ တက်ရောက်ခဲ့ကြသည်။

နီပေါနိုင်ငံ၊ ခတ္တမန္ဒူတွင် ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ် ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၃ ရက်နေ့ထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ တက်ရောက်ရန်အတွက်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ခြင်းဖြစ်သည်။

J-11