News

POST TYPE

LATEST NEWS POST

တာချီလိတ်ရွှေဆိုင် ဖောက်ထွင်းသည့် ထိုင်းနိုင်ငံသားကို ဖမ်းမိ
တာချီလိတ်၊ အောက်တိုဘာ ၂၀

မြန်မာ ထိုင်း နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ရှင်းမန်ရွှေဆိုင်တွင် အောက်တိုဘာလ ၁၂ရက်က ကျပ်သိန်း ၈၀၀ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဖောက်ထွင်းခိုးယူခဲ့သည့် ထိုင်းနိုင်ငံသားကို အောက်တိုဘာလ ၁၈ရက်နေ့ ည၁၀နာရီခန့်က ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါကျပ်သိန်း၈၀၀ကျော် တန်ဖိုးရှိ ပလက်တီနမ်ဆွဲကြိုးများ အပါအ၀င် စိန်နှင့် ရွှေထည်ပစ္စည်း ၁၆မျိုး ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့မှူးများ ဦးဆောင်ကာ အမာခံသတင်းများနှင့် မြို့ပေါ်ရပ်ကွက်များ၌ စုံစမ်းရှာဖွေခဲ့ရာ ယင်းပြစ်မှုကျုးလွန်သူ ထိုင်းနိုင်ငံသားကို ဆေခမ်းရပ်ကွက် ရောင်နီဦး ငါးကန်အနီး၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)မျိုးသိန်းက ပြောကြားသည်။

"ထိုင်းနိုင်ငံသား တရားခံအိတ်ထဲကနေ ရွှေထည်ပစ္စည်း ၉ မျိုး ရှာဖွေတွေ့ရှိထားပြီး ကျန်ရွှေထည်ပစ္စည်းတွေ ပြန်လည် သိမ်းဆည်းနိုင်ဖို့အတွက် လက်ရှိအချိန်အထိ စစ်ဆေး မေးမြန်းနေဆဲပဲ ရှိသေးတယ်" ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်တွင် အသက်၄၄နှစ်အရွယ် ထိုင်းနိုင်ငံသား Mr.Rachan ထံမှ ၁၃ဒသမ၅ဂရမ်ရှိ ပလက်တီနမ်ဆွဲကြိုး အပါအ၀င် ကျောက်စိမ်းနှင့် ရွှေထည်ပစ္စည်း ၉ မျိုး၊ကော်စေ့နှင့် ပစ်ခတ်သည့် ကော်သေနတ်တစ်လက်နှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ အဆိုပါ တရားခံကို(ပ)၁၉၂/၂၀၁၆၊ရာဇသတ်ကြီး ပုဒ်မ-၃၈၀အရ အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ (TH)