News

POST TYPE

LATEST NEWS POST

စစ်ကိုင်းကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်းကပ်
22-Nov-2018

မန္တလေး၊ အောက်တိုဘာ ၂၁

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီကို အဖြူရောင်ရေဆေးများ စမ်းသပ်ကပ်လှူနေပြီဖြစ်သည်။

ရွှေဆေးကပ်လှူထားရာမှ အဖြူရောင် ဆေးသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရန် ပြင်ဆင်သည့်အနေနှင့် ယခုကဲ့သို့ စမ်းသပ်ကပ်လှူရခြင်းဖြစ်ကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောကြားသည်။

လက်ရှိတွင် UPG, KANSAI နှင့် အောင်ပြည်တန် ကုမ္ပဏီတို့မှ တင်သွင်းသည့်ဆေးများကို ကောင်းမှုတော်စေတီအောက်ခြေ (ပထမလုံးပတ်) တွင် စမ်းသပ်ကပ်လှူထားကြောင်း၊ ယင်းကုမ္ပဏီတို့ အနက်မှ တစ်ခုကိုရွေးချယ်ကာ ယခုလကုန်ပိုင်းမှစ၍ လုံးတော်ပြည့် အဖြူရောင်ဆေးသင်္ကန်း ကပ်လှူမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကောင်းမှုတော်စေတီတွင် လက်ရှိ ကပ်လှူထားသော ရွှေဆေးများကို ခွာယူခြင်းနှင့် အဖြူရောင်ရေဆေးပြန်လည် ကပ်လှူပူဇော်ခြင်း လုပ်ငန်းများအတွက် အနည်းဆုံးခြောက်လခန့် ကြာမြင့်နိုင်ကြောင်း၊ အဖြူရောင်ဆေး ပြန်ကပ်ခြင်းအတွက် ကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ကောင်းမှုတော် ဘုရားဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိသုဓမ္မရာဇာ မဟာဓိပတိသာလွန်မင်းတရားကြီးက စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ယင်းအချိန်မှစ၍ ခေတ်အဆက်ဆက် အဖြူရောင် ထုံးသင်္ကန်းသာ ကပ်လှူခဲ့ရာမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညွန်ကြားချက်အရ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှစ၍ ကျပ်သိန်း ၃၅၄၀ အကုန်အကျခံကာ ရွှေသင်္ကန်း ကပ်လှူခဲ့ခြင်းဖြစ်ကြောင်း ဘုရားဂေါပက မှတ်တမ်းများအရ သိရသည်။

M-05