News

POST TYPE

LATEST NEWS POST

သာစည်တွင် နွားမှောင်ခိုခြောက်ဦးကို ဖမ်းဆီး
21-Nov-2018

မိတ္ထီလာ၊ နိုဝင်ဘာ ၂၁

သာစည်မြို့နယ် ယင်းမာပင်ကျေးရွာ ပေသုံးဆယ်ရပ်ကွက် မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက နွား၂၂ ကောင်ကို မှောင်ခိုသယ်ဆောင်လာသော အမျိုးသား ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

နွားများကို မှောင်ခိုသယ်ဆောင်နေကြောင်းသတင်းအရ မန္တလေးတိုင်းရဲ (မှု/ကူ) မှ ရဲအုပ် ဇော်မင်းထွန်းနှင့်အဖွဲ့သည် ယင်းမာပင်နယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် ရန်သိန်းနှင့်အဖွဲ့နှင့်အတူ စောင့်ဆိုင်းနေစဉ် သာစည်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသော ကုန်ကားတစ်စီးပေါ်မှ ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါယာဉ်ကို သာစည်မြို့နယ် မုံပက်ဆုံရွာမှ အသက် ၃၇ နှစ်အရွယ်ရှိ နွားပိုင်ရှင် ဦးကြည်ဆောင် မောင်းနှင်ပြီး အသက် ၂၈ နှစ်အရွယ်မှ အသက် ၅၉နှစ်အရွယ်ရှိ အမျိုးသားငါးဦးလိုက်ပါလာကြောင်း၊ ယာဉ်ပေါ်တွင် သယ်ဆောင်ခွင့်အထောက်အထားမရှိဘဲ သယ်ဆောင်လာသော နွား၂၂ ကောင်၊ စုစုပေါင်းတန်ဖိုး ကျပ် ၈၈ သိန်းခန့် ရှာဖွေတွေ့ရှိခဲ့သည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နွားမှောင်ခိုသယ်ဆောင်လာသူခြောက်ဦးကို ယင်းမာပင်နယ်မြေရဲစခန်း က (ပ) ၇၃/၂၀၁၈ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ - ၅ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01