News

POST TYPE

LATEST NEWS POST

ရေပိုလွှဲမှ ရေကျော်နေသည့် ဆည်တမံ ၁၀ ခုရှိဟု စိုက်/မွေး/ဆည်ထုတ်ပြန်
20-Nov-2018
တောင်ငူ၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်းအပါအဝင် တိုင်းနှင့် ပြည် နယ်ခြောက်ခုရှိ ဆည်တမံ ၁၀ ခုမှ ရေပိုလွှဲများမှ ရေကျော်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါ ဆည်တမံ ၁၀ ခုတွင် ပဲခူးတိုင်းအတွင်းမှ ဆည် ၄ ခုပါဝင်ပြီး စစ်ကိုင်း၊ ဧရာဝတီ၊ ချင်းနှင့် ကယားပြည်နယ်တို့မှ တစ်ခုစီ ပါဝင်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဖြူးချောင်းတမံရေကျော်နေတာ ၈ လပိုင်းလောက်ကတည်းကပါ၊ အခုလက်ရှိရေကျော်နေဆဲဆိုပေမယ့် တဖြည်းဖြည်း ပြန်ပြီးလျော့ကျနေပါပြီ၊ မနက်တိုင်း ရေအမှတ်တိုင်းတာပြီး ဆည်မြောင်းရုံးချုပ်ကို ပို့ပေးနေပြီး စိုးရိမ်စရာလည်းမရှိပါဘူး”ဟု ဖြူးချောင်းရေလှောင်တမံ တာဝန်ရှိသူ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကယားပြည်နယ် ဒီမော့ဆိုမြို့ရှိ လွိုင်နန်းဖရေထိန်း တမံ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရာဇဂြိုဟ်ဆည်၊ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကညင်ရေလှောင်တမံ၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်း ရေလှောင်တမံ၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ မဟာနန္ဒာကန်၊ ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ သီကီရ်ရေလှောင်တမံနှင့် ပဲခူးတိုင်း အရှေ့ခြမ်း ဖြူးမြို့နယ်ရှိ ဖြူးချောင်း ရေလှောင်တမံ၊ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှိ တောင်ညို ရေလှောင်တမံ၊ ဂမုံရေလှောင်တမံနှင့် သဲကုန်းရေလှောင်တမံတို့သည် ရေသိုလှောင်နိုင်သည့် ပမာဏထက် ဝ ဒသမ ၁၀ ပေမှ ဝ ဒသမ ၆၀ အထိ ကျော်လွန်ရောက်ရှိနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၃ ရက်နေ့က ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းမြို့နယ်များအတွင်း ဆည်တမံ ၃၉ ခုအနက် ရေပိုလွှဲမှ ရေကျော်နေသည့် ဆည်တမံ ၁၉ ခုရှိခဲ့ကြောင်း ဩဂုတ်လ ၂၉ ရက်နေ့က ဆွာချောင်းရေလှောင်တမံ ရေထိန်း တံခါးကျိုးပေါက်ပျက်စီးခဲ့၍ ရန်ကုန်-မန္တလေး အမြန်လမ်း ကားလမ်းဟောင်းများရေကျော်ခဲ့သည့်အပြင် တံတားများ ကျိုးပေါက်ပျက်စီးခဲ့သဖြင့် ယာဉ်အသွား အလာများရပ်ဆိုင်းခဲ့ရသကဲ့သို့ လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်ခဲ့ရပြီး ၇ ဦး သေဆုံးခဲ့ရသည်။

R-15