News

POST TYPE

LATEST NEWS POST

တန်ဆောင်တိုင်ပိတ်ရက် တနင်္သာရီ၊ မန္တလေးနှင့် ရှမ်းပြည်နယ်ဒေသများသို့ သွားလာမှုများ
19-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၉

တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် တနင်္သာရီတိုင်း မြိတ်ဒေသ၊ မန္တလေး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ် တောင်ကြီးဒေသများသို့ ခရီးသွားလာမှု ပိုမိုများပြားကြောင်း ပြည်းတွင်း ခရီးသွားဘုရားဖူးလုပ်ငန်းရှင်များထံမှသိရသည်။

“ဒီနှစ်က ခရီးသွားတိုင်းက မြိတ်ဒေသကို သွားကြတယ်။ ဒါ့အပြင် ခရီးသွား ကုမ္ပဏီတွေကလည်း ရက်တိုခရီးစဉ်တွေ ပို့တာများတယ်။ ဒါကြောင့် အသွားများသလို ဖြစ်သွာတာပါ”ဟု သုခမိန်ခရီးသွားလုပ်ငန်းတာဝန်ခံ ဦးမျိုးကြီးကဆိုသည်။

ယခု တန်ဆောင်တိုင် ရုံးပိတ်ရက်များအတွင်း တနင်္သာရီတိုင်း၊ မန္တလေး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များသို့ ဝင်ရောက်သည့် ခရီးသွားယာဉ်စီးရေ သုံး၊ လေးရာအထိရှိနေကြောင်း ပြည်တွင်းခရီးသွားဘုရားဖူးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“ဒီပိတ်ရက်က သီတင်းကျွတ်နဲ့ ပိတ်ရက်နဲ့ကပ်နေတော့ ပုံမှန်ထွက်ဖြစ်နေတယ်။ ခရီးစဉ်တွေက ပုံမှန်ပဲ ဒီနှစ်မှာ မန္တလေးဘက်နဲ့ ရှမ်းပြည်ဘက်အပြင် မြစ်ဆုံတို့ အင်းတော်ကြီးတို့လည်း ဘုရားဖူးကားတွေ ထွက်ရတာများတယ်”ဟု ပြည်တွင်းခရီးသွား ဘုရားဖူးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။

ယခုနှစ် သီတင်းကျွတ် တန်ဆောင်တိုင် ရုံးပိတ်ရက်များအတွင်း ခရီးသွားကုမ္ပဏီအလိုက် ခရီးစဉ်ထွက်ရှိမှုမှာ ကွဲပြားလျက်ရှိပြီး ယခုနှစ်အတွင်း ပုံမှန် ခရီးစဉ်ဒေသများဖြစ်သည့် ချောင်းသာ၊ ငွေဆောင်၊ ငပလီအစရှိသော ကမ်းခြေဒေသများအပြင် ထားဝယ်ခရိုင်ရှိ ရှင်ကိုရှင်ဘုရား၊ နေပြည်တော် ရေပူစမ်း၊ မြဝတီစသည့်ခရီးစဉ်များသည် ထွက်ရှိမှု အများဆုံးဖြစ်ကြောင်း ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။

J-14