News

POST TYPE

LATEST NEWS POST

ငွေကြေးကြောင့် အတိုင်ခံရသူများမပါသည့် ရွှေစက်တော်ဂေါပကအသစ်ဖွဲ့
19-Nov-2018

မကွေး၊ နိုဝင်ဘာ ၁၈

၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို တာဝန်ယူကြီးကြပ်မည့် ဂေါပကအဖွဲ့ဝင်သစ်များ ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ်က ငွေကြေးပြဿနာဖြစ်ပွားပြီး အတိုင်ခံရသည့် အဖွဲ့ဝင်များကို ပြန်မရွေးဘဲ ဖယ်ရှားလိုက်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် မန်းရွှေစက်တော် ဂေါပကအဖွဲ့ဝင်များ ရွေးချယ်ပွဲတွင် ၁၉ ဦးရွေးချယ်ခဲ့ရာတွင် ပြဿနာ ဖြစ်ပွားခဲ့သူများကို ချန်လှပ်ထားခဲ့ပြီး တိုင်းအစိုးရအဖွဲ့မှ ၇ ဦးနှင့် အဖွဲ့ဝင် ရွေးချယ်ရေးအဖွဲ့က ၁၂ ဦး ရွေးချယ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

“လူဟောင်းလည်းပါမယ်၊ လူသစ်လည်းပါမယ်၊ ပြည်သူတွေက ထင်ယောင် ထင်မှားရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုတော့ မထည့်ဘူး၊ မင်းဘူးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ထည့်မယ်၊ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးရွေးပေးခဲ့တာပါ”ဟု ဒေါက်တာ ခင်မောင်အေးက ပြောဆိုသည်။

ထိုသို့ဂေါပကအဖွဲ့ဝင်များ ရွေးချယ်ထားရာတွင် အဂတိလိုက်စားမှုများ ရှိနေသည့် လူဟောင်းများပါဝင်နေသည်ဟု ဒေသခံများကဆိုနေသော်လည်း မည်သူမည်ဝါဆိုသည်ကို လက်ဆုပ်လက်ကိုင်ပြနိုင်ခြင်းမျိုး မရှိသည့်အတွက် လူဟောင်းအချို့ကို ထည့်သွင်းရွေးချယ်ထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“ဂေါပကရွေးတာ အဟောင်းတွေ ပြန်ပါလာတယ်ဆိုတာပဲ သိရသေးတာ၊ ဘယ်သူတွေလဲဆိုတာ နာမည်နဲ့ မသိရသေးဘူး၊ အဟောင်းထဲက ဘယ်သူဘယ်ဝါကို ဘယ်သူတွေက ဘာအရည်အချင်းတွေရှိလို့ ပြန်ရွေးတယ်ဆိုတာ မသိရသေးဘဲ ဘာမှမပြောချင်ပါဘူး၊ အများပြည်သူတွေ သိရအောင် ပွင့်လင်းမြင်သာမှုနဲ့ ရွေးချယ်နိုင်ဖို့ လိုပါတယ်”ဟု မန်းရွှေစက်တော် ဘုရားပွဲတော် အခြေခံဈေးသည်များသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်တင့်က ပြောဆိုသည်။

ပြီးခဲ့သည့်ရွှေစက်တော်ဘုရားပွဲ တော်ကာလက ဈေးဆိုင်ခန်းများနေရာ ချထားပေးရာတွင် ငွေကြေးရယူရန် ညှိနှိုင်းမှုများရှိသည်ဟုဆိုကာ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အတိုင်ကြားခံရသဖြင့် NLD ပါတီမှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးနေပြီး ရွှေစက်တော်ဂေါပက ဥက္ကဋ္ဌဟောင်းကိုလည်း တရားမမှု ၃ မှုနှင့် တည်းခိုဆောင်ပိုင်ရှင်များက တရားစွဲဆိုထားသည်။

လက်ရှိရွေးချယ်ထားသည့် ကော်မတီဝင်များအတွင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများကို ရွေးချယ်သွားမည်ဖြစ်ပြီး နာယက၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ထပ်မံရွေးချယ်မည်ဖြစ်ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ 

R-23