News

POST TYPE

LATEST NEWS POST

အာမခံအမျိုးအစားသစ်နှစ်ခု ပုဂ္ဂလိကကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပေးမည်
18-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ငွေချေးသူအသက်ကို အာမခံခြင်း (Credit Life Insurance) အမျိုးအစားနှင့် ကျန်းမာရေးအာမခံ အမျိုးအစားသစ်များကို ပုဂ္ဂလိက အာမခံကုမ္ပဏီများသို့ လာမည့်နှစ်အတွင်း လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။ 

ငွေချေးသူအသက်ကို အာမခံခြင်းဆိုသည်မှာ ဘဏ်၌ ငွေချေးထားသူသည် ချေးငွေမကျေသေးမီ အသက်သေဆုံးပါက ကျန်ရှိသည့်အကြွေးများကို အာမခံကုမ္ပဏီက စိုက်၍ဆပ်ပေးခြင်းဖြစ်ပြီး ငွေချေးယူသူက ထားရှိရမည့် အာမခံအမျိုးအစားဖြစ်သည်။ 

ကျန်းမာရေးအာမခံ အမျိုးအစားသစ်မှာမူ ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူထားပါက အခြေခံလူတန်းစားများ ဆေးခန်းတွင်ပြသမည့် ဆေးကုသစရိတ်များကို အာမခံကုမ္ပဏီက ပေးလျော်မည်ဖြစ်သည်။

“ငွေချေးသူအသက်ကို အာမခံထားမယ်ဆိုရင် ဘဏ်တွေမှာ ချေးငွေရယူတဲ့အခါ ဘဏ်က ပိုပြီးယုံကြည်တာပေါ့။ ကျန်းမာရေးအာမခံကတော့ ဧပြီတည်းက စမယ်ပြောတာ။ ဌာနတွေအဆင့်ဆင့် တင်ပြရတာနဲ့ အခု နိုဝင်ဘာလအထိ ရောက်လာတာပဲ။ ဒီဇင်ဘာထဲတော့ လုပ်ကိုင်ခွင့်ပေးမယ် ပြောတာပဲ”ဟု ဂလိုဘယ်ဝေါလ် အာမခံကုမ္ပဏီဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောကြားသည်။

ငွေချေးသူအသက်ကို အာမခံခြင်းအမျိုးအစားနှင့်ပတ်သက်၍ ပရီမီယံကြေးနှင့် လျော်ကြေးပေးမှု အကြောင်းအရာများကို ထုတ်ပြန်ချက်တွင် စောင့်ကြည့်ရမည်ဖြစ်ပြီး အသက်အာမခံကို စိတ်ဝင်စားမှု နည်းနေခြင်းဖြစ်ကြောင်း ယင်းကဲ့သို့ ဝန်ဆောင်မှုထုတ်ကုန်အသစ်တစ်မျိုးကို ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ဂရင်းဂါးဒီယန်း အာမခံကုမ္ပဏီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

နိုင်ငံခြား အာမခံကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီများကို မြန်မာအာမခံတွင် ရောင်းချနေသည့် အာမခံအမျိုးအစားများအားလုံး လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း၊ အာမခံကုမ္ပဏီများ၏ နည်းပညာနှင့် လုပ်ကိုင်စွမ်းပေါ်မူတည်၍ အာမခံအမျိုးအစားသစ် လုပ်ကိုင်ခွင့်များကို တစ်ဆင့်ချင်း ဖြေလျှော့ပေးမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ပုဂ္ဂလိက အာမခံကုမ္ပဏီပေါင်း ၁၁ ခုရှိပြီး အာမခံအမျိုးအစား ၁၆ ခုရောင်းချလျက်ရှိသည်။

J-13