News

POST TYPE

LATEST NEWS POST

ရေချိုပုစွန် အကောင်ရေ ခြောက်သန်းခန့် လစဉ် သားဖောက်ရောင်းချမည်
18-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပြည်တွင်းရှိ ရေချိုပုစွန်သားပေါက် ထုတ်လုပ်မှုသည် မအောင်မြင်ဘဲ ဆက်တိုက် သေဆုံးလျက်ရှိရာမှ ယခုနှစ်မှစကာ သားဖောက်မွေးမြူမှု အောင်မြင်သည့်အတွက် အကောင်ရေ ခြောက်သန်းခန့်ကို လစဉ် ပြည်တွင်းဈေးကွက်သို့​ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

ပုဂ္ဂလိက မွေးမြူရေးစခန်းများရှိ ရေချိုပုစွန်သားပေါက်များသည် ၂၀၁၃ ခုနှစ်မှစကာ ဆက်တိုက်သေဆုံးလျက်ရှိပြီး ပုစွန်များတွင် ဖြစ်ပွားသည့်ရောဂါကို အတိအကျ အဖြေမရှာနိုင်ခြင်းဖြစ်သည်။

“အရင်တုန်းက ရေချိုပုစွန်သားဖောက်တာ မအောင်မြင်တဲ့အတွက် တော်တော်ကြိုးစားရပါတယ်။ အခု တစ်လကို အကောင်ရေ ခြောက်သန်းလောက် ပုံမှန်ထုတ်နိုင်တဲ့အနေအထားကို ရောက်နေပါပြီ”ဟု ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်ထွန်းဦးက ပြောကြားသည်။

ယခင်က ရေချိုပုစွန်များကို ရှစ်လတစ်ကြိမ်၊ ၁၀ လတစ်ကြိမ်သာ မွေးမြူနိုင်ခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံမှ သားပေါက်များကို ငါးလတစ်ကြိမ် မွေးမြူကာ ဈေးကွက်အတွင်းသို့ ဖြန့်ချိရောင်းချနိုင်ပြီဖြစ်ကာ နောက်ပိုင်းတွင် လစဉ်အကောင်ရေ သန်း ၂၀ အထိ တိုးချဲ့ထုတ်လုပ်ရန်ရှိကြောင်း ၎င်းကပြောဆိုသည်။

နယ်စပ်ဒေသများမှ တရားမဝင် ပုစွန်များ ဝင်ရောက်နေသောကြောင့် တစ်လလျှင် အကောင်ရေ ခြောက်သန်း ထုတ်လုပ်နိုင်သော်လည်း သုံးသန်းခန့်သာ ရောင်းချနိုင်ကြောင်း ယင်းပုစွန်လုပ်ငန်းရှင်များထံမှ သိရသည်။

“ရေချိုပုစွန် မွေးမြူရေးက သားပေါက်တွေ ထုတ်ပေးနိုင်တာ အရမ်းကောင်းပါတယ်။ မွေးမြူရေးသမားတွေကလည်း ရဲရဲတင်းတင်း မွေးဖို့လိုအပ်ပါတယ်။ ဘာလို့ဆို ဈေးကွက်ရှိပါတယ်”ဟု ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင် ဦးထွန်းအေးက ပြောကြားသည်။

ပြည်တွင်းတွင် ရေချိုပုစွန်သားပေါက် မထုတ်လုပ်နိုင်သည့်အတွက် ထိုင်းနိုင်ငံမှ ပုစွန်သားပေါက်များကိုသာ အဓိကအားထား မွေးမြူနေရကြောင်း ပုစွန်မွေးမြူသူများထံမှ သိရသည်။

J-11