News

POST TYPE

LATEST NEWS POST

တောင်ကုတ်တွင် နယ်မြေရဲစခန်းကို ရွာသားများ ခဲဖြင့်ဝိုင်းပစ်
18-Nov-2018

စစ်တွေ၊ နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အိမ်ခြေနှစ်ထောင်ခန့်ရှိသော လမူးမော်ကျေးရွာတွင် နိုဝင်ဘာလ ၁၇ ရက် ညနေ ၈ နာရီအချိန်က နယ်မြေရဲစခန်းကို ရွာသားများက ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း အဆိုပါစခန်းမှ သိရသည်။

တိုက်နယ်အဆင့်ရှိသော လမူးမော်၌ ရပ်ကွက် ၅ ခုဖြင့်ဖွဲ့စည်းထားရာ နိုဝင်ဘာလ ၁၇ ရက်နေ့ အမှတ် ၅ ရပ်ကွက် ကထိန်စီတန်းလှည့်လည်နေကြသည့်အချိန်၌ တစ်ဖက်နှင့်တစ်ဖက် ရန်ဖြစ်ခဲ့ကြကြောင်း ကျေးရွာသားတစ်ဦးက ဆိုသည်။

“၅ ရပ်ကွက် ကထိန်လှည့်နေကြတဲ့ လူတန်းကို အခြားရပ်ကွက်က နှစ်ယောက်က ဖြတ်ဝင်တယ်။ အဲဒီအခါ စကားများကြတော့ အိုးစည်၊ ဒိုးပတ်ဝင်းက ဝါးလက်ခုတ်နဲ့ တစ်ချက် ရိုက်လိုက်တယ်။ အဲဒီခါ အရိုက်ခံရတဲ့နှစ်ယောက်က စခန်းကိုလာပြီးတော့ အဲဒီကောင်တွေကိုခေါ်ပြီးတော့ ကျနော်တို့ကို တောင်းပန်ရမယ်လို့ ခိုင်းတယ်။ ရဲက အဲဒီကိစ္စ ငါတို့လုပ်ပေးလို့မရ။ အုပ်ချုပ်ရေးမှူးဆီသွားလို့ပြောလိုက်ရာကစပြီး မပြေလည်တာ”ဟု လမုနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကရှင်းပြသည်။

ထိုသို့ ရဲစခန်း၌ မပြေမလည်ဖြစ်နေကြရာ ညနေအချိန်၌ လူအုပ် တဖြည်းဖြည်း များလာ၍ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကျေးရွာအတွင်းရှိ မီးကြိုးများအား ဖြတ်တောက်လိုက်ပြီး ရဲစခန်းအား ခဲများဖြင့် ပစ်ပေါက်ကြကြောင်းနှင့် ရဲတပ်ဖွဲ့မှ သေနတ်သုံးချက် ပစ်ဖေါက်လူစုခွဲခဲ့ရကြောင်း ၎င်းက ဆက်၍ပြောသည်။

ရဲစခန်း၌ ခေါင်းမိုး၊ ဆိုင်းဘိုး၊ တီဗီ၊ မှန် စသည့်ပစ္စည်းများ ဆုံးရှုံးသွားကြောင်း ခဲပစ်သည့်အုပ်စုမှ ခေါင်းဆောင် ၉ ဦးအား ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၁(၁) ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးခဲ့ထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

ယင်းသို့ ဖမ်းဆီးထားသည်ကို ပြန်လည်လွှတ်ပေးရန် ညနေ ၃ နာရီကျော်အချိန်ခန့်က လူ ၄၀၀ ကျော်သည် ရဲစခန်းရှေ့သို့ရောက်ရှိလာကြသော်လည်း ဆူပူအော်ဟစ်ခြင်းမရှိကြောင်း၊ ညနေ ၅ နာရီကျော်အချိန်၌ လူတဖြည်းဖြည်း နည်းပါးသွားကြောင်း ကျေးရွာသားတစ်ဦးကဆိုသည်။

ရဲစခန်းတွင်လည်း ရဲအင်အား ၄၀ ဖြင့် လုံခြုံရေး အသင့်ပြင်ဆင်ထားကြောင်း ရဲအရာရှိထံမှ သိရသည်။

R-22