News

POST TYPE

LATEST NEWS POST

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူ မရှိဟု ရှီကျင့်ဖျင် ပြောကြား
18-Nov-2018



ဘေဂျင်း၊ နိုဝင်ဘာ ၁၇

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အားပေးသည့်နိုင်ငံများသည် ကျရှုံးရန် အကြောင်းဖန်နေခြင်းဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားကာ အမေရိက ပထမမူဝါဒကို ဝေဖန်ရှုတ်ချခဲ့ပြီး သတိပေးပြောဆိုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကနှင့် တရုတ်အကြား ကုန်သွယ်ရေးမူဝါဒ တင်းမာမှုများကို အဓိက ဆွေးနွေးကြဖွယ်ရှိသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံတွင် ရှီကျင့်ဖျင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်ကလည်း တရုတ်ကုန်စည်များအပေါ် အခွန်နှစ်ဆမက ချမှတ်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

စီးပွားရေးအင်အားကြီး နှစ်နိုင်ငံသည် ယခုနှစ်အတွင်း အပြန်အလှန် ကုန်သွယ်ရေးစစ်ပွဲကို ထိတွေ့ဆင်နွှဲလျက်ရှိသည်။ တရုတ်၏မမျှတသော ကုန်သွယ်ရေးမူဝါဒများကို တုံ့ပြန်ခြင်းဖြစ်သည်ဟု အမေရိကန်ဘက်က ပြောကြားထားသည်။

ဒေါ်လာဘီလီယံချီနေသော အခွန်များကို ထပ်မံတိုးမြှင့်ကြဦးမည်ဟု နှစ်ဖက်စလုံးက ကြုံးဝါးနေကြသည်။

“စစ်အေးတိုက်ပွဲပဲဖြစ်ဖြစ်၊ အပူတပြင်းတိုက်ပွဲပဲဖြစ်ဖြစ်၊ ကုန်သွယ်ရေးစစ်ပွဲပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်မှုမှာ အနိုင်ရသူ မရှိဘူးဆိုတာကို သမိုင်းက ညွှန်ပြနေပါတယ်”ဟု ရှီကျင့်ဖျင်က ဆိုသည်။

“စီးပွားရေးဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့၊ အတားအဆီးတွေချမှတ်ဖို့ ကြိုးစားတာဟာ စီးပွားရေးဥပဒေသတွေနဲ့ သမိုင်းကြောင်းကို ဆန့်ကျင်တာပဲ ဖြစ်ပါတယ်။ ဒါမျိုးက တစ်ပွဲတိုးနည်းလမ်းဖြစ်ပြီးတော့ ကျရှုံးဖို့အကြောင်းဖန်နေတာပါပဲ။ တံခါးပိတ်တဲ့သူတွေဟာ သူ့ကိုယ်သူ ကမ္ဘာကြီးနဲ့ အဆက်ပြတ်စေရုံသာမကဘဲ ဦးတည်ချက်ပါ ပျောက်ဆုံးသွားစေမှာဖြစ်ပါတယ်”ဟု ရှီကျင့်ဖျင်က ပြောကြားသည်။

သို့ရာတွင် ရှီကျင့်ဖျင် အမှာစကား ပြောပြီးနောက် ပြောဆိုခဲ့သူ အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က အခွန်ချမှတ်မှုများသည် တရုတ်နိုင်ငံနှင့် ဟန်ချက်မညီမှုကို တုံ့ပြန်ခြင်းဖြစ်သောကြောင့် တရုတ်ဘက်မှ လုပ်ပုံကိုင်ပုံ မပြောင်းလဲသေးသမျှ အမေရိကန်ဘက်မှ ပြင်ဆင်မည်မဟုတ်ဟု ရှင်းလင်းပြောကြားသည်။

အမေရိကန်နှင့် တရုတ်အကြား သဘောတူညီမှုရရှိမည်ဟု ယုံကြည်စိတ်ချကြောင်း သမ္မတထရမ့်က သတင်းထောက်များအား ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အာဂျင်တီးနားတွင် ကျင်းပမည့် လာမည့်လ G-20 ထိပ်သီးအစည်းအဝေးမတိုင်မီ စေ့စပ်ညှိနှိုင်းနေသောစာရင်းတွင် အဓိကကျသော ကိစ္စအတော်များများ ပါဝင်ခြင်းမရှိသေးသောကြောင့် သမ္မတကြီးအနေနှင့် လောလောဆယ် လက်ခံနိုင်စရာမရှိသေးကြောင်း မိုက်ပင့်စ်က ပြောကြားသွားသည်။

သမ္မတထရမ့်ကလည်း အလားတူမှတ်ချက်များကို ယခင်က ပြောကြားထားပြီးဖြစ်သည်။

F-04