News

POST TYPE

LATEST NEWS POST

ဖမ်းဆီးခံထားရသော တောင်သူ ၆ ဦးကို လွှတ်ပေးရန် ဆန္ဒပြ
16-Nov-2018

မန္တလေး၊ နိုဝင်ဘာ ၁၆ 

ရေကြောင်းရဲတပ်ဖွဲ့ (မန္တလေး) မှ အမှုဖွင့်၍ ဖမ်းဆီးခံထားရသော တောင်သူမိသားစု ၆ ဦး ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်သူအဖွဲ့အစည်းများက နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။ 

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်၊ ပေါ်တော်မူဘုရားတောင်ဘက် မြေယာပေါ်တွင် ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ ခြံစည်းရိုးခတ်ရာတွင် တောင်သူမိသားစုဝင်များက ကိုယ်ထိ လက်ရောက်ပြုမူခြင်း၊ နှောင့်ယှက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က တရားလို ပြုလုပ်၍ ပုဒ်မ ၄၄၀၊ ၅၀၆၊ ၁၁၄၊ ၃၃၂၊ ၂၉၄ တို့ဖြင့် အမှတ်(၇) နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူထားခြင်းဖြစ်သည်။

တောင်သူများ ဆန္ဒပြရာတွင် မတရားသိမ်းဆည်းထားသာမြေများ ပြန်လည်စွန့်လွှတ်ပေးရေး၊ ဥပဒေချိုးဖောက်ခဲ့သော ရေကြောင်းရဲတပ်ဖွဲ့ အလိုမရှိ ၊ အဖမ်းဆီးခံတောင်သူများ အမြန်ဆုံးလွှတ်ပေးရေး ဒို့အရေး အစရှိသော ကြွေးကြော်သံများဖြင့် လမ်းနားလမ်းပေါ်တော်မူဘုရား မှ မြတောင်ကျောင်းတိုက်အထိ ချီတက်ဆန္ဒပြခဲ့သည်။

ရေကြောင်းရဲတပ်ဖွဲ့သည် အငြင်းပွားမြေယာကို ခြံစည်းရိုးခတ်ခြင်း၊ တောင်သူများနေသော နေအိမ်ကိုဖျက်ဆီးခြင်း၊ တောင်သူများကို ဖမ်းဆီးခြင်းပြုလုပ်ခဲ့ပြီး ခြံစည်းရိုးခတ်ခြင်းဆောင်ရွက်ရန် ကြိုတင်အကြောင်းကြားခြင်းမရှိခဲ့ကြောင်း ဦးဆောင်ဆန္ဒပြသူ ကိုမျိုးဝင်း ပြောကြားသည်။

“ရေကြောင်းရဲတပ်ဖွဲ့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အလုပ်ကို ဥပဒေမဲ့လုပ်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းမြေနေရာအား ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်ရန် သက်ဆိုင်ရာအစိုးရဌာနများသို့ တင်ပြခဲ့သောကြောင့် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၅ ခုနှစ် တွင်ရုံးဆောက်ရန် တရားဝင်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ ရေကြောင်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ဇော်မြင့်က နိုဝင်ဘာလ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။