News

POST TYPE

LATEST NEWS POST

ကိုရီးယားသို့ အအေးခန်းစက်ရုံခြောက်ရုံမှ ရေထွက်ပစ္စည်းများ တင်ပို့ခွင့်ရ
16-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံရှိ ငါး၊ ပုစွန် အအေးခန်းစက်ရုံခြောက်ရုံမှ ငါး၊ ပုစွန်ရေထွက်ပစ္စည်းများ တရားဝင် တင်ပို့ခွင့်ရရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

တင်ပို့ခွင့်ရသည့် စက်ရုံခြောက်ရုံတွင် အီးယူသို့တင်ပို့နေသည့် စက်ရုံလေးရုံနှင့် အခြားစက်ရုံနှစ်ရုံပါဝင်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

ကိုရီးယားနိုင်ငံ၏ ပြောင်းလဲလိုက်သည့် အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ (Food Safety) အရ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က မြန်မာနိုင်ငံရှိ ငါး၊ ပုစွန် အအေးခန်းစက်ရုံခြောက်ရုံကို လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လာရောက်စစ်ဆေးခဲ့သည့် စက်ရုံခြောက်ရုံလုံး တင်ပို့ခွင့်ရကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

“လာစစ်တဲ့စက်ရုံအားလုံး အောင်ပါတယ်။ ကိုရီးယားအဖွဲ့က ၄ ရက်နေ့က လာစစ်ပြီး ၁၄ ရက်နေ့ညကပြန်သွားပါပြီ”ဟု ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ ဖြိုးရေးနှင့် သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။

ကိုရီးယားသည် မြန်မာနိုင်ငံရှိ အအေးခန်းစက်ရုံများကို ပထမဆုံးအကြိမ် လာရောက်စစ်ဆေးခြင်းဖြစ်ပြီး ကိုရီးယားသို့ လက်ရှိတင်ပို့နေသည့် ငါး၊ ပုစွန်အအေးခန်း စက်ရုံပေါင်း ကိုးရုံရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“လက်ရှိပို့နေတဲ့ ကိုးရုံထဲမှာ ခြောက်ရုံကိုစစ်တယ်။ ကိုရီးယားအစိုးရက စက်ရုံရှိတာကိုပဲ လက်ခံတယ်။ ဒါကြောင့် ခြောက်ရုံပဲစစ်တာ။ သူတို့စစ်လို့ ၈၅ မှတ်ရရင်ပို့လို့ရတယ်။ ၇၀ နဲ့ ၈၂ မှတ်ရရင် ပို့လို့မရပါဘူး။ အချက်ရာကျော်အထိ အသေးစိတ်စစ်တာပါ” ဟု ငါးလုပ်ငန်းဦးစီးဌာန၊ အရည်အသွေး စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောဆိုသည်။

ကိုရီးယားနိုင်ငံသို့ တင်ပို့နေသည့် ငါး၊ ပုစွန် အအေးခန်းစက်ရုံကိုးခုတွင် ခြောက်ခုမှာ အအေးခန်းစက်ရုံများဖြစ်ပြီး ကျန်သုံးခုမှာ ကုမ္ပဏီများဖြစ်သောကြောင့် စက်ရုံများကိုသာ လက်ခံစစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံကို အနည်းငယ်သာ တင်ပို့မှုရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

J-11