News

POST TYPE

LATEST NEWS POST

ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှု မထိခိုက်စေရန် လုပ်ဆောင်နေသည့် စီမံကိန်း ၇၀ ရာခိုင်နှုန်း ပြီးစီး
16-Nov-2018

မန္တလေး၊ နိုဝင်ဘာ ၁၅

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အကောင်အထည်ဖော်နေသည့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ စီမံကိန်းမန်နေဂျာ ဒေါက်တာမြင့်ဝေက ပြောကြားသည်။

အဆိုပါစီမံကိန်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ညောင်ဦး၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘိုနှင့် ချောက်မြို့ နယ်တို့ရှိ ကျေးရွာ ၂၈၀ ၌ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

“UNDP က မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေအကျိုးရှိအောင် အများကြီး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ဘာတွေဆောင်ရွက်ခဲ့ပြီးပြီဆိုတာ သိတဲ့သူ အတော်နည်းပါသေးတယ်” ဟု UNDP မှ နည်းပညာဆိုင်ရာကျွမ်းကျင်ပညာရှင် Mr. Karma Rapten က ဖြည့်စွက်ပြောဆိုသည်။

မိုးခေါင်ခြင်းနှင့် မိုးရွာသွန်းမှု အပြောင်းအလဲများခြင်း၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသည့် အပူပိုင်းဇုန်ရှိ တောင်သူလယ်သမားများ၏ ခုခံတုံ့ပြန်နိုင်မှု အားနည်းနေရသည့်အခြေအနေ လျော့ကျစေရန်နှင့် စားနပ်ရိက္ခာဖူလုံမှု နှင့်ပတ်သက်၍ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည်များကို တုံ့ပြန်နိုင်ရေး တောင်သူများ၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် အဆိုပါစီမံကိန်း လုပ်ဆောင်ရခြင်းဖြစ်ကြောင်း UNDP ထံမှ သိရသည်။

လေးနှစ်နှင့်လေးလကြာ လုပ်ဆောင်မည့် ယင်းစီမံကိန်းတွင် ရာသီဥတုကြောင့် ရေချိုထောက်ပံ့နိုင်မှု လျော့နည်းလာခြင်းကို တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်စေခြင်းနှင့် ရာသီဥတုအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ဖြန့်ဝေမှု ပိုမိုကောင်းမွန်လာစေခြင်းတို့ကို အမေရိကန် ဒေါ်လာ ၆၂၀,၀၀၀ ကျော် အကုန်အကျခံကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မြန်မာအစိုးရမှ ပစ္စည်း၊ ရုံးခန်း စသည်တို့ ထောက်ပံ့ပေးကြောင်း ဒေါက်တာမြင့်ဝေက ထပ်မံပြောကြားသည်။

M-07