News

POST TYPE

LATEST NEWS POST

အာဆီယံလူသားချင်းဆိုင်ရာ ကူညီရေး အဖွဲ့ ရခိုင်ပြည်နယ်လာမည်
16-Nov-2018



စစ်တွေ၊ နိုဝင်ဘာ ၁၆

ဘင်္ဂါလီ ဒုက္ခသည်များအား ပြန်လည်လက်ခံရေး၊ နေရာချထားရေး နှင့်ပတ်သက်ပြီး အာဆီယံမှ မြန်မာနိုင်ငံကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး (AHA Center)အာဆီယံလူသားချင်းဆိုင်ရာ ထောက်ပံ့ကူညီရေးဗဟိုအဖွဲ့အား စေလွှတ်သွားမည်ဖြစ်ကြောင်း (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံက ထုတ်ပြန်လိုက်သည်။

“ ဒီနေ့ (နိုဝင်ဘာ ၁၅) AHA ကအုပ်ချုပ်ရေးအဖွဲ့နဲ့ အာဆီယံ ၁၀ နိုင်ငံနဲ့ Video Coference လုပ်တယ်။ သဘောတူညီချက်ရသွားပြီ မကြာခင်မှာပဲ ပထမ အသုတ်ကိုလွှတ်တော့မယ်။ ပြန်လည်နေရာချထားရေးနဲ့ လက်ခံရေးဆိုတဲ့နေရာမှာ သူတို့တွေရှိနေမှာ အဲဒီအပြင် နောက်ထပ်အဖွဲ့တွေလွှတ်ဖို့ရှိတယ်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှင်းပြသည်။

ဘင်္ဂလားဒေ့ရ်ုနိုင်ငံမှ ဒုက္ခသည်များအား နှစ်နိုင်ငံသဘောတူညီချက်အတိုင်း နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံက ပြန်လည်လက်ခံသော်လည်း ဒုက္ခသည်တစ်ဦးတစ်ယောက်မျှ ဝင်ရောက်လာခြင်း မရှိခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးတို့အဖွဲ့သည် စစ်တွေမြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် မနေ့ညနေ ၆ နာရီခွဲအချိန်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

စင်္ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၂ ရက်နေ့ မှ ၁၅ ရက်နေ့ အထိကျင်းပခဲ့သော ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံနှင့် အာရှ - ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေး ကျင်းပနေစဉ် နိုဝင်ဘာလ ၁၃ ရက်နေ့က အာဆီယံထိပ်သီး ညီလာခံ ဥက္ကဋ္ဌက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

အဆိုပါ ဥက္ကဌ ထုတ်ပြန်ချက်၏ အပိုဒ် ၃၇ တွင် ဘင်္ဂါလီဒုက္ခသည်များအား ပြန်လည်လက်ခံပြီး ပြန်လည်နေရာချထားရေး လုပ်ငန်စဉ်များအတွက် ကူညီဆောင်ရွက်နိုင်ရန် အာဆီယံလူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော လူမှုအသိုင်းအဝိုင်းတို့အတွက် လုံခြုံရေးကို မြန်မာအစိုးရ က တာဝန်ယူသည်ဟု ကတိပြုမှုအပေါ် ကြိုဆိုကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပဋိပက္ခဖြစ်ပွားရသောအကြောင်းအရင်းကိုဖော်ထုတ်ပြီး ပဋိပက္ခဘေးသင့်ပတ်ဝန်းကျင်းများကို ပြည်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန် တွန်းအားပေးကြောင်နှင့် မြန်မာနိုင်ငံအစိုးရဖွဲ့စည်းထားသော လွတ်လပ်စွာစုံစမ်းဖော်ထုတ်ရေးအဖွဲ့အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုနှင့် ပတ်သက်သော ပြဿနာတို့ကို ဘက်မလိုက်ပဲ အဓိကတာဝန်ရှိသူများကို ဖော်ထုတ်ရန်မျှော်လင်းကြောင်း ဆက်၍ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မတူညီသော အသိုင်းအဝိုင်းတို့ ရင်ကြားစေ့ရေးစသည်တို့ကို ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာမှ လုပ်ဆောင်ရန်ကျန်ရှိနေသော အကြံပေးမှတ်ချက်များကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း အာဆီယံထိပ်သီးညီလာခံက ထုတ်ပြန်ထားသည်။

R-22