News

POST TYPE

LATEST NEWS POST

မူကြိုဆရာမကို ဓားထောက်ချစ်ခွင့်ပန်သည့် ကောလိပ်ကျောင်းသားကို အမှုဖွင့်
15-Nov-2018

မန္တလေး၊​ နိုဝင်ဘာ ၁၅

မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီး၌ အသက် ၁၉ နှစ်အရွယ် မူကြိုဆရာမကို ဓားနှင့်ထောက်ကာ ချစ်ခွင့်ပန်သည့်အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသားကို ပုဒ်မ သုံးခုဖြင့် ဖမ်းဆီးထားကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ 

ကန့်ဘလူ နည်းပညာကောလိပ်တွင် ပညာသင်ကြားနေသည့် ကိုလှိုင်မင်းအောင်က မူကြိုဆရာမကို ချစ်ရေးဆိုခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်အချိန်က အဖြေတောင်းရာတွင် မူကြိုဆရာမက ငြင်းပယ်ခဲ့သည့်အတွက် ဆရာမ၏ လည်ပင်းကို ဓားနှင့်ထောက်ကာ ဆိုင်ကယ်ဖြင့် တင်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ကောင်လေးက အရှက်ကွဲခံမလား၊ အသေခံမလား၊ ငါ့ကိုယူမလားဆိုပြီး ကောင်မလေးကို ခေါ်ပြေးဖို့လုပ်တာ။ ကောင်မလေးရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်တာ။ ကောင်မလေးလည်း ဓားရှဒဏ်ရာတွေ ရသွားတယ်။ ဒါကို ပတ်ကင်းလှည့်နေတဲ့အဖွဲ့ကတွေ့ပြီး တားနိုင်ခဲ့တာ”ဟု အဆိုပါ အရာရှိက ရှင်းပြသည်။

ယင်းသို့ အများပြည်သူသွားလာရာလမ်းမ၌ အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ခေါ်ဆောင်ရန် ကြိုးစားခဲ့သူကို ခြိမ်းခြောက်ခံရသူက တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် မဟာအောင်မြေ မြို့မရဲစခန်းက ကိုလှိုင်မင်းအောင်ကို သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၆၊ နာကျင်စေမှု ၃၂၄ တို့ဖြင့် အမှုဖွင့်ထားသည့်အပြင် လက်နက်ကိုင်ဆောင်ခဲ့သည့်အတွက်လည်း ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ ၁၉ (င) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04