News

POST TYPE

LATEST NEWS POST

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲလုံခြုံရေး ရဲအင်အားတစ်ရာကျော် သုံးမည်
15-Nov-2018


ထားဝယ်၊ နိုဝင်ဘာ ၁၅

ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား တစ်ရာကျော် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

ဘုရားပွဲတော်ကာလအတွင်း မြို့ဝင်မြို့ထွက်နေရာများနှင့် ဘုရားပွဲတော်ကျင်းပမည့်နေရာများတွင် လုံခြုံရေးချထားမည်ဖြစ်ကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအား အန္တရာယ်ကင်းရှင်းစွာဖြင့် ကျင်းပနိုင်ရန်နှင့် အဖျက်အမှောင့်ရန်မှ ကင်းဝေးစေရန် အသေးစိတ် လုံခြုံရေးစီမံချက်ရေးဆွဲပြီး လုပ်ဆောင်နေကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

“ဘုရားပွဲတော်ကို အန္တရာယ်ကင်းပြီး စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ကြအောင် လုပ်ထားတာပါ”ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

ဒေသတွင်း နာမည်ကြီးဘုရားပွဲဖြစ်ပြီး ဘုရားဖူးဧည့်သည်များ အများဆုံး လာရောက်ချိန်ဖြစ်သည့်အတွက် ရဲအင်အား အများအပြားသုံးစွဲမှုအပေါ် ကြိုဆိုကြောင်း ထားဝယ်မြို့ ၀ဲကျွန်းမြို့သစ်နေ ဦးဇော်မင်းက ပြောသည်။

“ဘုရားလှည့်တဲ့ လမ်းကြောင်းထဲကို ဆိုင်ကယ်တွေ ၀င်ပြီးမောင်းနေတာတွေကို တိတိကျကျလေး တားပေးဖို့လည်း လိုတယ်”ဟု ဦးဇော်မင်းက ဆိုသည်။

ယမန်နှစ်က ဘုရားလှည့်သည့်လမ်းကြောင်းတွင် ဆိုင်ကယ်အချို့ စီးနင်းသွားလာမှုများရှိပြီး ဒေသခံအချို့က ပြောဆိုဝေဖန်မှုများရှိသည်။

ထားဝယ်မြို့အတွင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ရာ လမ်းကြောင်းတွင် (မြို့ဝင်မြို့ထွက်ရှိ ရဲအင်အားအပြင်) ရဲအင်အား ၅၀ ကျော် အသုံးပြုမည်ဖြစ်သည့်အပြင် ရပ်ကွက်များအတွင်း လှည့်ကင်း၊ ရပ်ကင်းများကိုလည်း အဖွဲ့ ၁၀ ဖွဲ့ဖြင့် သီးခြား ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လုံခြုံရေး ဆောင်ရွက်မည့် ရဲတပ်ဖွဲ့ဝင်များကို အဖွဲ့များ ခွဲထားပြီး တိုင်းရဲတပ်ဖွဲ့ထံ စကားပြောစက်များဖြင့် အမြဲတမ်း သတင်းပို့ရန် ညွှန်ကြားထားကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

အထက်ပါ လုံခြုံရေးအင်အားအပြင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုလျှင် ယာဉ်တင်လုံခြုံရေး (ကားဖြင့်လာရောက်မည့် ရဲတပ်ဖွဲ့)အင်အား ၆ ဦး စီအဆင်သင့်ပြင်ခိုင်းထားပြီး ခရိုင်နှင့် တိုင်းရဲတပ်ဖွဲ့တို့တွင်လည်း ယာဉ်တင်လုံခြုံရေးများကို အဆင်သင့် ပြင်ထားမည်ဖြစ်ကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို  ယခုနှစ်တွင် နိုဝင်ဘာလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ထားဝယ်မြို့အတွင်း ညလုံးပေါက် လှည့်လည်ပူဇော်ခံလေ့ ရှိသည်။

အဆိုပါ ဘုရားပွဲကို မြန်မာနိုင်ငံတ၀ှမ်းမှ ဘုရားဖူးခရီးသည် အများအပြား လာရောက်လေ့ရှိပြီး အထူးစည်ကားလေ့ရှိသည်။

Dawei Watch