News

POST TYPE

LATEST NEWS POST

ရေပူဂိတ်တွင် ကျောက်စိမ်းများတရားမဝင်တင်လာသည့် ယာဉ်နှစ်စီး ဖမ်းမိ
15-Nov-2018

လားရှိုး၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းက ကျောက်စိမ်းများကို တရားမဝင် သယ်ဆောင်လာသည့် မော်တော်ယာဉ်ငယ်နှစ်စီးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိန်းနီရေပူစစ်ဆေးရေးစခန်းထံမှ သိရသည်။

သိန်းနီရေပူစစ်ဆေးစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက “ရေပူမှာရှိတဲ့ စစ်ဆေးရေးအဖွဲ့တွေက သတင်းအရ ကြိုတင်စောင့်ဆိုင်းရှာဖွေတာပါ။ ယာဉ်သုံးစီးကို ရှာဖွေတာပါ။ ယာဉ်နှစ်စီးပေါ်က ကျောက်စိမ်းဖြတ်စတွေ ရှာဖွေတွေ့ရပါတယ်။ ကျန်တစ်စီးပေါ်ကတော့ ဘာမှရှာမရဖြစ်ခဲ့ပါတယ်”ဟု ပြောဆိုသည်။

အဆိုပါယာဉ်နှစ်စီးပေါ်၌ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စများကို ယာဉ်ကြမ်းခင်းအောက်တွင် သိုဝှက်သယ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ အဆိုပါယာဉ်မောင်းသူ နှစ်ဦးအနက် တစ်ဦးမှာ စစ်ဆေးရေးစခန်း အရှေ့ဘက်ရှိ ပြောင်းခင်းအတွင်း ဝင်ရောက်ထွက်ပြေးခဲ့ပြီး၊ ကျန်တစ်ဦးမှာ ပြည်ထောင်စုလမ်းအတိုင်း ထွက်ပြေးသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သိန်းနီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ယခုနှစ် နိုဝင်ဘာလအတွင်း ကျောက်စိမ်းတုံးများကို တရားမဝင် သယ်ဆောင်ခြင်း ဖမ်းဆီးရမိမှု ငါးကြိမ်ခန့်ရှိပြီး မော်တော်ယာဉ် (၁၀)စီးခန့် ဖမ်းဆီးရမိခဲ့ကြောင်း ရေပူစစ်ဆေးရေးစခန်းထံမှ သိရသည်။

တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းများကို လားရှိုးမြို့ရှိ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံထားကြောင်း အဆိုပါစခန်းတာဝန်ရှိသူများထံမှ သိရသည်။

R-07