News

POST TYPE

LATEST NEWS POST

ရခိုင်ပြည်နယ်သို့ တင်ပို့မည့် မူးယစ်ဆေးပြား ၁၈ သိန်းကျော်ကိုဖမ်းမိ
15-Nov-2018
ပြည်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်သို့တင်ပို့မည့် မူးယစ်စိတ်ကြွဆေးပြား အရေအတွက် ၁၈ သိန်းခန့်ကို ပဲခူးတိုင်းမှ ရခိုင်ပြည်နယ်ဘက်အထွက် ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁၃ ရက်ညက ဖမ်းဆီးရမိခဲ့ကြောင်း ဥသျှစ်ပင်နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းနေ့က ပစ်ကပ်လိုင်စင်မဲ့ကား၏ကြမ်းခင်းအတွင်း အံဝှက်အဖြစ်ပြုလုပ်၍ တစ်တင်းခွဲဝင် ပီနံအိတ်ခြောက်လုံးဖြင့် မူးယစ်ဆေးဝါးများ ထည့်ယူသယ်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၆၃၀ဝ၀ တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကြိုတင်သတင်း ရရှိထားတာတော့ မဟုတ်ပါဘူး။ ပူးပေါင်းအဖွဲ့ကနေ မသင်္ကာတဲ့ကားတွေကို စစ်ဆေးပြီး မှုခင်းကာကွယ်နှိမ်နင်းရေး ဆောင်ရွက်နေတဲ့အချိန်မှာ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ ကားက ရန်ကုန်ကနေ လာပြီးတော့ သံတွဲကိုသွားမယ်လို့ သိရပါတယ်”ဟု ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်သန်းလှက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများမှာ မူးယစ်ဆေးဝါးများကို သယ်ယူပို့ဆောင်သူများသာဖြစ်ပြီး နောက်ကွယ်မှ စေခိုင်းသူများကို ကွင်းဆက်အရ လိုက်လံဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ယင်းသို့ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဦးဝင်းမြင့်နှင့် ဦးဝင်းမောင်တို့ကို ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲစခန်းက မူးယစ်(ပ)၂/၂၀၁၈ ပုဒ်မ ၁၉/၂၁ အရအမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းမှ သိရသည်။

M-06