News

POST TYPE

LATEST NEWS POST

ပဲခူးတိုင်းအတွင်းရှိ မြေပေးမိန့်များ ဥပဒေအတိုင်းသာပေးခဲ့ဟု တိုင်းအတွင်းရေးမှူးဟောင်းဆို
15-Nov-2018

တောင်ငူ၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်းအစိုးရအဖွဲ့ဟောင်း လက်ထက်အတွင်း မြေယာချပေးသည့် အမိန့်စာများကို တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကော်မရှင်မှ ပြန်လည်စစ်ဆေးမည်ဆိုသော သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံး လုပ်နည်းအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယခင်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သန်းက ပြောကြားသည်။

“မြေယာပေးတဲ့အမိန့်ဆိုတာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေအတိုင်းပဲ လုပ်ဆောင်ချထားပေးရတာပါ၊ ပေးချင်တိုင်း ပေးခွင့်မရှိပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ပဲခူးမြို့ ရပ်ကွက်ကြီး ၈ ဆီဆုံကုန်းလမ်းပေါ်ရှိ ခြံမြေနှင့် အိမ်ကိုနေပြည်တော် ကောင်စီဝင်ဟောင်းတစ်ဦးကို တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သန်းလက်မှတ်ဖြင့် မြေပေးမိန့် ထုတ်ပေးထားရာမှ နှစ်ဖက်တရားရင်ဆိုင်ခဲ့ကြပြီး ပဲခူးတရားရုံးအပ်ဝရမ်းဖြင့် မူလပိုင်ရှင်မိသားစုကို ဖယ်ရှားရှင်းလင်းသည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းမြေပေးမိန့်ကဲ့သို့သော အမှုမျိုးကို တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ကော်မရှင်မှ ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။

“ကော်မရှင်ကို ဆက်လက်တင်ပြမှာပါ၊ ဒီပြဿနာတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးမှာလည်း ပြန်လည်စိစစ်ပေးဖို့ အဆို အောင်မြင်ပြီးသားပါ၊ တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်ပေးဖို့သာ ကျန်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မိဘဘိုးဘွားများလက်ထက်ကစတင်ပြီး လုပ်ကိုင်စားသောက်ခဲ့သည့် လယ်မြေတွင် အခွန်အခများ ပေးဆောင်ထားသည့် သီးနှံပြေစာများလည်း ရှိနေပြီး ရဲတပ်ဖွဲ့ဝင်အင်အားများဖြင့် အကြမ်းဖက် ဖယ်ရှားရှင်းလင်းခံခဲ့ရသည့်အတွက် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း ဖယ်ရှားရှင်းလင်းခံခဲ့ရသည့် ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ကြီး ၈ နေအိမ်မှ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

“တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေထံသွားရောက်တင် ပြထားတယ်၊ ဘယ်လိုဆက်လုပ်မလဲဆိုတာကို တိုင်ပင်နေဆဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

သက်တမ်းလွန် မြေပေးမိန့်များနှင့် စည်းကမ်းလိုက်နာခြင်းမရှိသည့် မြေပေးမိန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အပြီးတိုင် ပယ်ဖျက်သင့်ကြောင်း အဆိုကို ယခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်တိုင်းဒေသကြီးလွှတ်တော် နဝမမြောက် ပုံမန် အစည်းအဝေးတွင် ပဲခူးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက အဆိုတင်သွင်းခဲ့သည်။

“ယခင်တိုင်းအစိုးရအဖွဲ့ဟောင်းလက်ထက်က ချထားပေးခဲ့တဲ့ မြေပေးမိန့်တွေနဲ့ပတ်သက်လို့ လက်မှတ်တုတချို့လည်း စစ်ဆေးတွေ့ရှိရသလို အောက်ခြေက အလုပ်မလုပ်တာတွေလည်း စစ်ဆေးတွေ့ရှိရတယ်၊ လုပ်ပါဆိုတာမလုပ်တာနဲ့ မလုပ်ပါနဲ့ ဆိုတာကိုလုပ်တာလည်း ဥပဒေချိုးဖောက်တာမျိုးပါ”ဟု အမျိုးသားလွှတ်တော် တိုင်ကြားစာများကော်မတီ အတွင်းရေးမှူးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက ပြောကြားသည်။

ယခင်တိုင်းအစိုးရအဖွဲ့ဟောင်းလက်ထက် မြေယာအမိန့်ချထားပေးခဲ့ရာတွင် ဝန်ကြီးချုပ်ဟောင်း ကိုယ်စား တိုင်းအတွင်းရေးမှူး (ထွေအုပ်တိုင်းမင်းကြီး) က လက်မှတ်ရေးထိုးချထားပေးခဲ့ပြီး ပဲခူးမြို့နယ်အတွင်း ယခင်အစိုးရလက်ထက် မြေပေးမိန့်လက်မှတ်များဖြင့် မူလနေထိုင်သူများအကြား မြေယာပိုင်ဆိုင်မှု ပြဿနာများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါနေအိမ်တွင် နေထိုင်ကြသူများမှာ မြို့ပြဖွံ့ဖြိုးလာချိန် လယ်မြေကို နေအိမ်ဆောက်လုပ်နေထိုင်ကြသူများဖြစ်ပြီး လယ်မြေနှင့်ပတ်သက်သည့် ပြေစာများလည်းရှိနေကြောင်း၊ ယခုမြေပိုင်ဆိုင်မှုအငြင်းပွားမှုသည် အာဏာပိုင်များမှ ချထားပေးသည့် မြေပိုင်ဆိုင်ခွင့်ရှိသူများနှင့် ဒေါ်အေးဝင်းတို့ တရားရင်ဆိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးဝင်းက ပြောကြားသည်။

R-15