News

POST TYPE

LATEST NEWS POST

မန္တလေးစည်ပင် ကျူးကျော်ရှင်လင်းရေးအဖွဲ့နှင့် ဘိုးဘွားပိုင်အိမ်ရှင်များအကြား အငြင်းပွား
14-Nov-2018


မန္တလေး၊ နိုဝင်ဘာ ၁၄

ချမ်းမြသာစည်မြို့နယ် လေယျာဉ်ကွင်းဟောင်း ပတ်ဝန်းကျင်မှ ကျူးကျော်နေထိုင်သည့်အိမ် ၁၂၀ ခန့်ကို စည်ပင်သာယာရေးကော်မတီနှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ဖယ်ရှားရှင်းလင်းလျက်ရှိရာ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဘိုးဘွားများလက်ထက်ကတည်းကပင် မြေပိုင်ဆိုသည်ဆိုသော မိသားစုနှင့် ဌာနဆိုင်ရာဝန်ထမ်းများအကြား အငြင်းပွားမှုများဖြစ်ခဲ့သည်။

မြို့တော် စည်ပင်သာယာရေးကော်မတီသည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းကစတင်ကာ လေယျာဉ်ကွင်း အရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့မှ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားနေခြင်းဖြစ်သည်။

ယင်းသို့ဖယ်ရှားလျက်ရှိသည့် နေအိမ်များအနက်မှ အုံးအင်းကွင်း၊ ကွင်းအမှတ် ၄၁၁ ဦးပိုင် ၇၉/၃၊ လယ်မြေ ၁ ဒသမ ဝ၃ ဧကတွင် နေထိုင်သူများက မိဘဘိုးဘွားများ လက်ထက်ကတည်းက ပိုင်ဆိုင်လုပ်ကိုင်လာကြသည့် မြေပိုင်ရှင်ဖြစ်၍ ဖယ်မပေးနိုင်ကြောင်းပြောရာမှ ကျူးရှင်းလင်းရေးအဖွဲ့နှင့် စကားအခြေအတင်ဖြစ်ကာ အငြင်းပွားခဲ့ခြင်းဖြစ်သည်။

“ဒီမြေက ကျွန်မ အဖေတွေ အမေတွေ လက်ထက်ကတည်းက စိုက်ပျိုးလုပ်ကိုင်လာတဲ့မြေ။ ၂၀၀၁ ခုနှစ်အထိ ရေခွန်၊ မြေခွန်ဆောင်ပြီး လုပ်ကိုင်လာကြတာ၊ ၁၉၉၉ ခုနှစ်မှာ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ဆိုပြီးတော့ သိမ်းတယ်။ သိမ်းပေမယ့် နှစ်ရှည်ပင်ကလွဲပြီး ကျန်တာလုပ်ကိုင် စားသောက်လို့ရတယ်ဆိုလို့ လုပ်ကိုင်နေတာ။ ကျွန်မတို့က ကျူးမဟုတ်ပါဘူး။ ဒီအစိုးရတက်လာတဲ့အချိန်မှာ အသိမ်းခံရတဲ့မြေတွေ ပြန်လျောက်ကြပါဆိုလို့ စာတင်ပြီးတော့ တောင်းဆိုထားတာလည်းရှိတယ်”ဟု အသက် ၆၀ ကျော်အရွယ်ရှိသူ ဒေါ်တင်လှက ပြောဆိုသည်။

မြို့နယ်အဆင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု မြေယာစီမံခန့်ခွဲရေးကော်မတီမှ၏ ဗဟိုအထိ အဆင့်ဆင့် တင်ပြတောင်းဆို ထားသောကြောင့် မြို့နယ်အဆင့် လယ်ယာမြေ ပြန်လည်စီစစ်ရေး ကော်မတီကစီစစ်မှုများလည်း 
ပြုလုပ်နေဆဲမြေဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ စိစစ်နေသော်လည်း ထူးခြားမှုမရှိသည့်အတွက် စည်ပင်သာယာရေး ကော်မတီတွင် စုံစမ်းခဲ့ရာ၌ ယင်းမြေများကို အောင်မြင်သူ ကုမ္ပဏီအမည်ဖြင့် ဂရန်ချထားပေးသည်ဟု အကြောင်းပြန်ခဲ့သည်ဟု ဒေါ်တင်လှ၏သားဖြစ်သူ ဦးမင်းမင်းစိုးက ပြောကြားသည်။

အိမ်ဖျက်မခံသော မိသားစုဝင်များက ထိုသို့ပြောဆိုနေမှုများနှင့်ပတ်သက်၍ ကျူးရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူများကို မေးမြန်းခဲ့သော်လည်း ဖြေကြားပေးရန်ငြင်းဆိုကြပြီး ယင်းမြေများမှာ ပိုင်ရှင်မရှိသည့် အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေများသာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ 

လက်ရှိတွင် ကျူးရှင်းလင်းရေးအဖွဲ့က အဆိုပါမြေပေါ်ရှိအိမ်မှလွဲ၍ ကျန်ကျူးကျော်အိမ်များကို ဖယ်ရှားခဲ့သည်။

M-04