News

POST TYPE

LATEST NEWS POST

တရုတ်ဘုန်းကြီး ဟန်ဆောင်၍ လိမ်လည်အလှူခံနေသူ တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းမိ
14-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ပန်ပဲတန်းမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်က တရုတ်ဘုန်းကြီးဟန်ဆောင်ကာ လိမ်လည်ငွေတောင်းနေသည့် တရုတ်နိုင်ငံသားအား သက်ဆိုင်ရာနှင့် မြို့နယ်သံဃာနာယက ရှေ့မှောက်သို့ အပ်နှံ၍ လူဝတ်လဲကာ ခံဝန်နှင့် ပြန်လွှတ်ပေးခဲ့ကြောင်း ရန်ကုန်ကွမ်ရင်စန်းတာ့ပိန်ကျောင်းတိုက်ဆရာတော် အရှင်ဓမ္မရက္ခိတက မိန့်ကြားသည်။

“လိုက်ပြီးတော့ အလှူခံနေရင်တော့ ငွေလိမ်တောင်းတာပဲ။ တရုတ်ပြည်က ဘုန်းကြီးပဲဖြစ်ဖြစ်၊ မြန်မာပြည်က တရုတ်ဘုန်းကြီးပဲဖြစ်ဖြစ် အစစ်ဆိုရင် လူကြားထဲမှာ အလှူလိုက်မခံဖို့ ယဉ်ကျေးမှုအရ တားမြစ်ထားပြီးသား ဖြစ်တယ်။ အဲဒီလို အလှူခံတာတွေ့ရင် 
သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားပြီး ဖမ်းခိုင်းလိုက်ပါ”ဟု ဆရာတော်က မိန့်ဆိုသည်။

ရန်ကုန်မြို့တွင်းနှင့်မြို့နယ်များအတွင်း တရုတ်ပြည်မှ လာရောက်သူများက တရုတ်ဘုန်းကြီးဟန်ဆောင်၍ ငွေတောင်းကာ လိမ်လည်အလှူခံမှုများရှိနေ၍ ရှာဖွေဖမ်းဆီးလျက်ရှိကြောင်း ရန်ကုန်ကွမ်ရင်စန်းတာ့ပိန်ကျောင်း တိုက်ဆရာတော် အရှင်ဓမ္မရက္ခိတက 
ဆက်လက်မိန့်ကြားသည်။

“သူက လက်အုပ်ချီပြီးလာတယ်။ ပုတီးတစ်ကုံးပေးတယ်။ ပိုက်ဆံပေးဖို့ လက်ဟန်ခြေဟန်နဲ့ တောင်းတယ်။ အရင်ကတော့ မတွေ့ဘူးဖူး။ အခု သင်္ကန်ကျွန်းဘက်မှာတွေတာ”ဟု တရုတ်ဘုန်းကြီးဆိုသူကို နိုဝင်ဘာလ ၁၄ ရက်ကတွေ့ခဲ့ရသူ ဒေါ်နွယ်နီကဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် အကြောင်းကြားစာ မရောက်သေးသော်လည်း စိစစ်ဆောင်ရွက်နိုင်ရန် တိုင်းသာသနာရေးဦးစီးဌာနထံ အကြောင်းကြားမည်ဖြစ်ကြောင်း နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး 
ဦးအောင်ဆန်းဝင်းကဆိုသည်။

တရုတ်ဘုန်းကြီးဟန်ဆောင်၍ အလှူငွေ လိမ်လည်တောင်းရမ်းသူများသည် မြို့တွင်းမြို့နယ်များနှင့် ဆင်ခြေဖုံး မြို့နယ်များတွင် မကြာခဏ တွေ့ရလေ့ရှိပြီး ငွေကျပ် ငါးရာ၊ တစ်ထောင် စသည်ဖြင့် တောင်းယူမှုရှိနေပြီး မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် 
အကြိမ်ကြိမ် ဝင်ရောက်လာသူများဖြစ်ကြောင်း အရှင်ဓမ္မရက္ခိတထံက သိရသည်။

J-14