News

POST TYPE

LATEST NEWS POST

လဟယ်တွင် အစိုးရခန့်ဆရာများမရှိ၍ စာသင်ကျောင်း ၁၃ ကျောင်း ပိတ်ရဖွယ်ရှိ
14-Nov-2018

ကလေး၊ နိုဝင်ဘာ ၁၃

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၁၃ ကျောင်း၌ သင်ကြားပေးမည့် ဆရာ၊ ဆရာမများမရှိသည့်အတွက် ကျောင်းပိတ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း လဟယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောကြားသည်။ 

လဟယ်မြို့နယ်အတွင်းရှိ မူလတန်းနှင့် မူလတန်း(ခွဲ) စာသင်ကျောင်း ၁၃ ကျောင်း၌ အစိုးရက ခန့်အပ်ထားပေးသော ဆရာ၊ ဆရာမများ ပြောင်းရွှေ့သွားပြီးနောက် အသစ်ထပ်မံရောက်ရှိလာခြင်း မရှိသေးသည့်အတွက် ကျောင်းဖွင့်ချိန် ဇူလိုင်လမှစ၍ ဒေသတွင်းရှိ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများနှင့် သင်ကြားနေရကြောင်း၊ အဆိုပါ ဆရာ၊ ဆရာမများမှာလည်း စေတနာ့ဝန်ထမ်းများဖြစ်ပြီး လစာမရရှိသဖြင့် ရေရှည်သင်ကြားပြသရန် မလွယ်ကူသည့်အတွက် ယခုအခါ စာသင်ကျောင်းများ ပိတ်ရမည့်အရေးနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။ 

“စေတနာ့ဝန်ထမ်းတွေနဲ့ သင်ကြားနေတာ လေးလလောက်ရှိသွားပြီ။ ဝန်ထမ်းလည်း နောက်ထပ်မခန့်ပေးနိုင်ဘူး။ အဲဒီဝန်ထမ်းတွေကိုလည်း မထောက်ပံ့နိုင်တဲ့အတွက် သူတို့လည်း ဆက်လုပ်ရခက် မလုပ်ရခက်ဆိုတဲ့ အတိုင်းအတာ ဖြစ်နေတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကယ်ကဆိုသည်။

အဆိုပါ စာသင်ကျောင်း ၁၃ ကျောင်း၏ အနီးအနားရှိ ကျေးရွာများ၌ တာဝန်ကျနေသည့် ကျောင်းများမှ ဆရာ၊ ဆရာမတစ်ဦးစီ ခွဲဝေလွှတ်ထားခဲ့ပြီး စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကိုလည်း ထပ်မံခန့်ထားပေးကာ ဆက်လက်သင်ကြားပေးနေကြောင်း၊ စာသင်ကြားမှုကို ယင်းဆရာ၊ ဆရာမများနှင့် ယခုနှစ်ပညာသင်နှစ်ကုန်သည်အထိ ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း လဟယ်မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်မြတ်က ပြောကြားသည်။

“လုံးဝခန့်ထားခြင်းမရှိတဲ့ ကျောင်းက သုံးကျောင်းရှိပါတယ်။ အဲဒါကို ကျွန်မက အနီးပတ်ဝန်းကျင်က ဆရာတစ်ဦးကို ယာယီတွဲထားတယ်။ အခက်အခဲကတော့ ရှိပါတယ်။ ဒါပေမဲ့လည်း နှစ်ကုန်တဲ့အထိ တစ်ယောက်ရှိရင် တစ်ယောက်နဲ့ပဲ ဆက်ပြီးမှသင်သွားမယ်”ဟု ၎င်းကဆိုသည်။ 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်းကလည်း လဟယ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၇ ကျောင်း၌ ဆရာ၊ ဆရာမမရှိသဖြင့် ဖွင့်ရုံသာ အဖွင့်ပြပြီး သင်ကြားမှုပြုလုပ်ခဲ့ရကြောင်း လဟယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောကြားသည်။

R-20