News

POST TYPE

LATEST NEWS POST

မူဆယ်နယ်စပ်ဂိတ်၌ ကတ်အဟောင်းဖြင့်သာ ဝင်ထွက်နေရ၊ ကတ်အသစ်အသုံးမပြုနိုင်သေး
14-Nov-2018



လားရှိုး၊ နိုဝင်ဘာ ၁၃

မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ် ဂိတ်များ၌ ကုန်သည်နှင့် ခရီးသွားများက အစိုးရ၏ လုံခြုံရေးမြှင့်ထားသည့် နယ်စပ်ဖြတ်သန်းခွင့်ကတ်အသစ်ကို အသုံးပြုပြီး တရုတ်ဘက်ခြမ်းသို့ဝင်ရောက်ရာတွင် တရုတ်အစိုးရအာဏာပိုင်များက ယင်းကတ်အသစ်ကို အသိအမှတ်ပြုလက်ခံခြင်းမရှိသေး၍ လတ်တလောတွင် မူလကတ်အဟောင်းဖြင့်သာ အဝင်အထွက်ပြုလုပ်နေကြရပြီး ကတ်အသစ်ကို အသုံးမပြုနိုင်သေးကြောင်း မူဆယ်မြို့ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

“ဒီနေ့အထိတော့ (နိုဝင်ဘာ ၁၃) ကတ်အဟောင်းကိုပဲသုံးပြီး ဝင်နေကြတယ်။ ဟိုရက်တွေကလို အဝင်အထွက်တော့ ပိတ်မနေတော့ပါဘူး။ ပုံမှန်အတိုင်း တန်းစီကြရတာတော့ရှိတယ်” ဟု မူဆယ် မြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးသန်းနိုင်က ဆိုသည်။ 

နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ မြန်မာ - တရုတ်နှစ်နိုင်ငံဝင်ထွက်ပေါက်သုံးခု၌ မြန်မာဘက်အခြမ်းမှ လုံခြုံရေးတိုးမြှင့်လိုက်သည့် ဝင်ထွက်ခွင့်ကတ်အသစ်ကို ပြောင်းလဲအသုံးပြုခဲ့ရာ တရုတ်ဘက်က ယင်းကတ်အသစ်ကို အသိအမှတ်မပြုသည့်အတွက် မြန်မာဘက်မှ တရုတ်ဘက်သို့သွားရောက်မည့် ထောင်ချီသော လူအများအပြားနှင့် ကုန်တင်ယာဉ်အစီး ၅၀၀ ခန့်မှာ နှစ်ရက်ကြာပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း မူဆယ်မြို့ခံများ၏ အဆိုအရ သိရသည်။ 

“ဗဟိုအစိုးရအချင်းချင်းဆက်သွယ်အကြောင်းကြားထားတာပါ။ တရုတ်ဘက်က ကတ်အပြာကို အသိအမှတ်ပြုခွင့်ပြုကြောင်း ယူနန်ပြည်နယ် အစိုးရကတစ်ဆင့် ရွှေလီကိုအကြောင်းကြားရမှာ။ မြန်မာဘက်က လုံခြုံရေးတိုးမြှင့်တဲ့ကတ်တွေကို အသုံးပြုခွင့်ရဖို့က ဒီနေ့အထိတော့ မထူးခြားသေးပါဘူး။ ကတ်အဟောင်းတွေနဲ့ဝင်ထွက်နေကြတာပါ။ မကြာခင်ရက်ပိုင်းမှာတော့ ကတ်အသစ်ကိုသုံးနိုင်မှာပါ” ဟု မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန်းက ပြောဆိုသည်။

မြန်မာ - တရုတ်နှစ်နိုင်ငံနယ်စပ် ဝင်ထွက်ပေါက်များအနက် မန်ဝိန်းဂိတ်မှ ကုန်တင်ယာဉ်များဝင်ထွက်နိုင်ပြီး ဆင်ဖြူဂိတ်နှင့် ရွှေနန်းတော်ဂိတ်တို့မှ ဒေသခံများနှင့် ခရီးသွားများဝင်ထွက်သွားလာကာ တရုတ်ဘက်သို့ နေ့စဉ်ဝင်ထွက်သွားလာ၍ အလုပ်လုပ်ကိုင်သူများလည်းရှိသည်။

“မူဆယ်မှာအိမ်ထောင်စုဇယားရှိသူတွေက တစ်နှစ်စာစာအုပ်အနီရှိတော့ ဝင်ဖို့အဆင်ပြေတယ်။ အများဆုံးသုံးတဲ့ တစ်ခါသုံးကတ်က ခြောက်ညအိပ်ခုနစ်ရက် နေထိုင်ခွင့်ရတာဖြစ်တယ်” ဟု မူဆယ်ဒေသခံကိုမင်းက ပြောဆိုသည်။ 

ယင်းသို့ကတ်အသစ်ဖြင့် တရုတ်ဘက်သို့ ဝင်ထွက်ခွင့်မရခဲ့သည့်အတွက် ကုန်သည်များနှင့် ခရီးသွားများအခက်အခဲများ ဖြစ်ပေါ်ခဲ့သဖြင့် လတ်တလော အဆင်ပြေစေရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့ညက သက်ဆိုင်ရာတာဝန်ရှိသူများက ယခင်ကတ်အဟောင်းများဖြင့် ပြန်လည်လဲလှယ်ပေးမှုကြောင့် ယနေ့ထက်တိုင် အဝင်အထွက် အဆင်ပြေနေသော်လည်း ယင်းကတ်အဟောင်းလေး သောင်းကုန်သွားပါက ယခင်နေ့များ အတိုင်းအဆင်မပြေဖြစ်မည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောကြားသည်။

R-07