News

POST TYPE

LATEST NEWS POST

အဖျောက်တွင် ဧရာဝတီမြစ်ကမ်းပြို၍ အိမ်နှစ်လုံး ရေထဲပါ၊ အိမ် ၁၅ လုံး အရေးပေါ်ရွှေ့
14-Nov-2018


တိုက်ကြီး၊ နိုဝင်ဘာ ၁၄

တိုက်ကြီးမြို့နယ် အဖျောက်မြို့ ၄ ရပ်ကွက် ပန်းတုန်းပိတ်ရွာတွင် နိုင်ဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်က ဧရာဝတီမြစ်ကမ်း ဆက်တိုက်ပြိုကျ၍ အိမ်နှစ်လုံး ရေထဲပါသွားပြီး ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင် မြစ်ကမ်းနှင့်ကပ်ပြီး စိုးရိမ်ရသည့် အိမ် ၁၅ လုံးကို အရေးပေါ်ပြောင်းရွှေ့နေကြောင်း အဆိုပါရွာမှ အိမ်ပြောင်းရွှေ့ရသူ ကိုအောင်ထွန်းလေးက ပြောသည်။

ဧရာဝတီမြစ်ရေကျလာပြီး မြစ်ကမ်းပြိုခြင်းဖြစ်သည်။ မြစ်ကမ်းထိန်းသိမ်းမှုနှင့် ရေကာတာတည်ဆောက်ရန်လည်း အဆင်မပြေကြောင်း၊ လတ်တလောတွင် ဆက်တိုက်ပြိုနေပြီး တစ်ခါပြိုလျှင် ၅ ပေမှ ၈ ပေအထိ ပြိုကြောင်း၊ နေ့ခင်းဘက်ထက် ညဘက်တွင် ပြိုကျမှုပိုများကြောင်း အဆိုပါရွာ ရပ်မိရပ်ဖတစ်ဦးက ပြောဆိုသည်။

အဆိုပါရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က “ကမ်းပြိုတာနဲ့ပတ်သက်ပြီး အချိန်နဲ့တစ်ပြေးညီ တိုက်ကြီးမြို့နယ် ထွေ/အုပ်ကို သတင်းပို့နေပါတယ်။ ကမ်းပြိုနေအိမ်တွေရဲ့ မိသားစုတွေကိုလည်း ရွာရဲ့မြေလွတ်တဲ့နေရာမှာ စီစဉ်ပေးနေပါတယ်။ ကမ်းပြိုဒုက္ခသည်မိသားစု ၉၀ ကျော်ရှိပါတယ်။ အရေးပေါ်ထပ်ပြောင်းရမယ့် အိမ်တွေရှိနေပါတယ်” ဟု ပြောသည်။

စိုးရိမ်ရသည့် နေအိမ်များအရေးပေါ်ပြောင်းရွှေ့ နေရာချထားခြင်းကို တိုက်ကြီးမြို့ရှိ တိုင်းဗဟိုတပ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ကျေးရွာသားများ ဝိုင်းဝန်းလုပ်ဆောင်နေပြီး လူ/ကယ်/ပြန် ဌာနကလည်း ပြင်ဆင်နေကြောင်း ယင်းဌာနထံမှ သိရှိရသည်။

R-19