News

POST TYPE

LATEST NEWS POST

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဆယ့်နှစ်ဘီလီယံကျော် ဝင်ရောက်
13-Nov-2018



နေပြည်တော်၊ နိုဝင်ဘာ

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ၂ နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၆၀ ခုဝင်ရောက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၇ ဘီလီယံ တန်ဖိုးရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၁၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၃၁-၃-၂၀၁၆ ရက်နေ့ရှိ ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ၁-၄-၂၀၁၆ မှ ၃၁-၃-၂၀၁၈ ထိ တိုးလာသော ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းကဏ္ဍအလိုက်ကုမ္ပဏီ၊ လုပ်ငန်းအရေအတွက်၊ ရင်းနှီးပြီးငွေပမာဏ (US - ဒေါ်လာဖြင့်)၊ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းမလိုက်နာမှု၊ အခွန်တိမ်းရှောင်မှုများကြောင့် လုပ်ငန်းပိတ်သိမ်းအရေးယူခဲ့ရမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရေး အခွင့်အလမ်းဖော်ဆောင်ပေးမည့် အစီအမံများရှိလျှင် ရှင်းလင်းချပြပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းချက်ကို ဦးဆက်အောင်က လာရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂ နှစ်တာကာလအတွင်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အခြားဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတို့မှအပ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စသည့်လုပ်ငန်းကဏ္ဍ ၁၀ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၆၀ ခုဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂.၃၇ ဘီလီယံ ဖြစ်ပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၈၈ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီးနောက် ၃၁- ၃- ၂၀၁၆ ခုနှစ်အထိ ၂၈ နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၁၀ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၃.၇၂ ဘီလီယံအနက် 
NLD အစိုးရလက်ထက် ၂ နှစ်တာကာလအတွင်းမှာ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မတ်လကုန်အထိ ခွင့်ပြုရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၁၆ ဒသမ ၁၅ ရာခိုင်နှုန်းဖြစ်လာသည့်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည်ကို တွေ့ရကြောင်း ဦးဆက်အောင်က ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် MIC ပါမစ်ခွင့်ပြုမိန့်နှင့် ဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် တည်ဆဲဥပဒေစာချုပ် စည်းကမ်း မလိုက်နာမှုနှင့် အခွန်တိမ်းရှောင်မှုများ မရှိသည့်အတွက် လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူခဲ့ရမှုမရှိကြောင်း ဦးဆက်အောင်က ဆိုသည်။

ရင်းနှီးမြုပ်နှံမှုကော်မရှင်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရန်အတွက် ဆောင်ရွက်လျက်ရှိပြီး (ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးမှုမှလွဲ၍) လယ်ယာ စိုက်ပျိုးရေး၊ သစ်တော စိုက်ပျိုးပြုစုရေးနှင့် အခြားလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းနှင့် ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ၊ ၎င်းတို့နဲ့ ဆက်စပ်လျှက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးမြှင့်တင်ပြီး ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအဖြစ် သတ်မှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းပြသည်။

“ဦးစားပေးကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့် လူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၅ အရ လုပ်ငန်းဆောင်ရွက်တဲ့အပေါ်  ဒေသအပေါ်မူတည်ပြီးတော့ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၃ နှစ်မှ ၇ နှစ်အထိ လျှောက်ထားခံစားခွင့် ရရှိမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် စိုက်ပျိုးထုတ်လုပ် ဝန်ဆောင်မှု၊ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ရေထွက်ပစ္စည်း ထုတ်လုပ်မွေးမြူရေးလုပ်ငန်းများကို အဆိုပြုတင်ပြလာပါက ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းအဖြစ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း ပံ့ပိုးကူညီမှုများဆောင်ရွက်သွားမည်ဟု ကော်မရှင်က ကြေညာထားသည်။

S-01