News

POST TYPE

LATEST NEWS POST

မွန် ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူ
13-Nov-2018

မော်လမြိုင်၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ်လွှတ်တော်အတွင်း လစ်လပ်သွားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစားထိုးခန့်အပ်ရန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပမည်ဟု မွန်ပြည်နယ် လွှတ်တော်ရုံးထံမှ သိရသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပြောင်းအလဲရှိပြီး ၎င်းတို့အနက် တစ်ဦးမှာ အစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီး ဖြစ်သည်။
“တခြား အကြောင်းအရာတော့ မရှိဘူး” ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အရေးပေါ်အစည်းအဝေးတွင် အစားထိုးခန့်မည့် တပ်မတော်သားကိုယ်စားလှယ် ၂ ဦး ကတိသစ္စာပြုရန်နှင့် ဝန်ကြီးချုပ်က ပေးပို့လာသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်ကို ဖတ်ပြရန်ဖြစ်ပြီး အဆိုပါ အမည်စာရင်းတင်သွင်းထားသည့်ပုဂ္ဂိုလ်ကို လွှတ်တော်က ကန့်ကွက်ရန်ရှိ မရှိနှင့် ကန့်ကွက်သူမရှိပါက အတည်ပြုသွားမည့် အစီအစဉ်များ ပါရှိမည်ဟု ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီးဝင်းနိုင်ဦး မှာ တပ်မတော်သားလွတ်တော်ကိုယ်စားလှယ်များ အပြောင်းအလဲ ပြုလုပ်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းနေရာတွင် ဗိုလ်မှူးကြီးနေထွဋ်ဦးကို အစားထိုးခဲ့သည်။

ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးသည် ၃ ရက်သာ ကြိုတင်ဖိတ်ကြားရသည့် အရေးပေါ်အစည်းအဝေးဖြစ်သည့်အတွက် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အခြားအကြောင်းအရာများ မေးမြန်းခြင်း၊ တင်သွင်းခြင်း ဆွေးနွေးခြင်း အစီအစဉ်များ ပါရှိမည်မဟုတ်ကြောင်း လွှတ်တော်ထံမှ သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ က နောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၁ ကြိမ်၊ အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။

Dawei Watch