News

POST TYPE

LATEST NEWS POST

အငှားယာဉ်မောင်းကို ဓားထောက်ပြီး ငွေလုယူပြေးသူ နှစ်ဦးကို ဖမ်းမိ
13-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ကျိုက္ကဆံဘုရားအနီးတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်အစောပိုင်းက အငှားယာဉ်မောင်း၏လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေကျပ် လေးသောင်းကျော် လုယူထွက်ပြေးသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသူ အသက် ၃၄ နှစ် အငှားယာဉ်မောင်း အမျိုးသားမှာ နိုဝင်ဘာလ ၁၁ ရက် နံနက် ၃ နာရီက တာမွေအရှေ့ မြင်းပြိုင်ကွင်းလမ်း မီးပွိုင့်အနီးတွင် ၎င်းမောင်းနှင်လာသည့် Super Roof အမျိုးအစား အငှားယာဉ်ကို လူငယ်နှစ်ဦးက တား၍ သင်္ဃန်းကျွန်း လိုင်စင်ရုံးအနီးသို့ လိုက်ပို့ဆောင်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“ကားငှားတဲ့နှစ်ယောက်က ကျိုက္ကဆံဘုရားရှေ့အရောက်မှာ အပေါ့သွားမယ်ဆိုပြီး ကားရပ်ခိုင်းတယ်။ ပြီးတော့ ကားသမားရဲ့လည်ပင်းကို ဓားနဲ့ထောက်ပြီး အော်ရင် သတ်ပစ်မယ်၊ ရှိတာအကုန်ထုတ်ဆိုပြီး ငွေလေးသောင်းကျော် လုယူသွားတယ်” ဟု ရဲအရာရှိက ပြောသည်။

ယာဉ်မောင်းထံမှ ငွေလုယူပြီး တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်အတွင်း ထွက်ပြေးသူနှစ်ဦးကို အငှားယာဉ်မောင်းက ဖမ်းဆီးပေးရန် အော်ဟစ်အကူအညီတောင်းသဖြင့် ယင်းရပ်ကွက်ရှိ လှည့်ကင်းရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာ နေစိုးအောင်ကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာ လွတ်မြောက်သွားသူ အသက် ၂၆ နှစ် သန်းဌေးအောင်မှာ ၎င်း၏ တူအရင်းဖြစ်ကြောင်း သိရှိရပြီးနောက် ယင်းအမျိုးသားကို အခင်းဖြစ်နေ့မှာပင် တာမွေမြို့နယ်၊ ၁၆၄ လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03