News

POST TYPE

LATEST NEWS POST

ခင်ပွန်းကို SMS ဖြင့် ဆက်သွယ်သည့် အမျိုးသမီးကို ဇနီးက ဓားဖြင့် သွားထိုး
13-Nov-2018

ချောက်၊ နိုဝင်ဘာ ၁၂ 

မကွေးတိုင်း မြို့သစ်မြို့ ဖလန်တိုင်ကျေးရွာတွင် ခင်ပွန်းကို ဖုန်းမက်ဆေ့ခ်ျ (SMS) ဖြင့် ဆက်သွယ်သည့် အမျိုးသမီး၏ အိမ်သို့ သွားရောက်ပြီး ဇနီးက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မြို့သစ်မြို့ ဖလန်းတိုင် ကျေးရွာနေ တောင်သူ အသက် ၅၁ နှစ် အရွယ်အမျိုးသမီးနှင့် ၎င်း၏ သမီးဖြစ်သူ အသက် ၂၅ နှစ်တို့သည် နေအိမ်အောက်ထပ်တွင် အတူရှိနေစဉ် နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အိမ်ရှေ့မှ ဆိုင်ကယ်ဖြင့် အမျိုးသမီးတစ်ဦးက “ x x x ရှိလား” ဟု မေးသဖြင့် မိခင်ဖြစ်သူမှ မကျန်းမာသဖြင့် အိပ်နေကြောင်းပြောရာ ယင်းအမျိုးသမီးက x x x အိပ်နေသည့် ခုတင်အနီးသွားပြီး အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားမြှောင်ဖြင့်ထိုးသည်ကို ရှောင်တိမ်းနိုင်ခဲ့သဖြင့် မထိုးမိခဲ့ဘဲ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်း၍ ဝိုင်းဝန်းဖမ်းဆီးရာမှ ယင်းအမျိုးသမီးကို ဖမ်းမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ဓားဖြင့်ထိုးသူ မြို့သစ်မြို့ရွာသစ် ကျေးရွာနေ ချစ်ပန်းခိုင် (၂၀ နှစ်) သည် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးခင်မျိုးဝေ ကိုင်ဆောင်သည့် မိုဘိုင်းလ်ဖုန်းတွင် x x x မှ ဆက်သွယ်ထားသည့် SMS များတွေ့၍ ယင်းသို့ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းက ထွက်ဆိုထားကြောင်း ဒန့်ဒလွန်ပင် ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီ ချစ်ပန်းခိုင်ကို ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းက (ပ) ၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-24