News

POST TYPE

LATEST NEWS POST

နာဂဒေသတွင် တောဝက်အကိုက်ခံရ၍ အမျိုးသားနှစ်ဦး ဒဏ်ရာရ
09-Nov-2018
မြစ်ကြီးနား၊ နိုဝင်ဘာ ၈

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့နယ်ခွဲ ချမ်မကောက်ဆန်ရီကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းက တောဝက်အကိုက်ခံရ၍ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့က တောင်ယာခင်း၌ စပါးလာစားသည့် တောဝက်ကိုပစ်လိုက်ရာ ချက်ချင်းမသေဘဲ ဒဏ်ရာရရှိနေသည်ကို ရွာသားများက ဝိုင်းဖမ်းနေစဉ် အကိုက်ခံရခြင်းဖြစ်ကြောင်း ဒုံဟီးမြို့ဒေသခံ ဦးလော်တိုးက ပြောကြားသည်။

“တစ်ယောက်က လက်မှာထိတယ်။ တစ်ယောက်ကတော့ နံရိုးမှာထိတယ်။ လက်ပဲနည်းနည်းစိုးရိမ်ရတယ်။ ဖြတ်ရမလားမသိသေးဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် ဦးနာသော့ အသက် ၄၅ နှစ်သည် ညာဘက်လက် မောင်းထိခိုက်ခဲ့ပြီး ဦးကျောက်ဝမ်း အသက် ၄၀ နှစ်မှာ ညာဘက်နံရိုးထိ၍ နန်းယွန်းမြို့နယ်ဆေးရုံသို့ နိုဝင်ဘာလ ၈ ရက်နေ့၌ ပို့ဆောင်ဆေးကုသမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

R-06