News

POST TYPE

LATEST NEWS POST

၂၀၁၉ နှစ်ဆန်းပိုင်း၌ ကင်ဂျုံအန်းနှင့် ထပ်တွေ့ဖြစ်မည်ဟု ထရမ့်မျှော်လင့်
09-Nov-2018



နယူးယောက်၊ နိုဝင်ဘာ ၈ 

မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကိုလာမည့် ၂၀၁၉ ခုနှစ်အစောပိုင်းကာလတွင် ကျင်းပပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားသည်ဟု သမ္မတဒေါ်နယ်ထရမ့်က ခန့်မှန်းပြောကြားကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် မြောက်ကိုရီးယားအစိုးရ အရာရှိကြီးများ ယခုသတင်းပတ်အတွင်း တွေ့ဆုံမည့်အစီအစဉ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးနောက် ထရမ့်က ယင်းသို့ထုတ် ပြောခြင်းလည်းဖြစ်သည်။ 

မိုက်ပွန်ပီယိုသည် ကြာသပတေးနေ့က နယူးယောက်မြို့တွင် အကြီးတန်းမြောက် ကိုရီးယားအစိုးရအရာရှိ ကင်ယောင်ချွားနှင့်တွေ့ဆုံပြီး ဒုတိယအကြိမ် ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲအတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သည်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မိုက်ပွန်ပီယိုတို့ တွေ့ဆုံပွဲ မကျင်းပဖြစ်သည့်အကြောင်းအရင်းကို ထုတ်ပြန်ခြင်းမရှိပေ။ သို့အတွက်ကြောင့် သံတမန်များ အသိုင်းအဝိုင်းတွင် မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးကိစ္စ ပျက်ပြားသွားတော့မည်လောဟူ၍ စိုးရိမ်မကင်းဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။ 

ခွင့်ပြုချက်ရသည့်အချိန်တွင် ဆွေးနွေးပွဲကို ပြန်လည်အစီအစဉ်ရေးဆွဲမည်ဖြစ်သည်ဟုသာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အိမ်ဖြူတော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ သမ္မတထရမ့်က ခရီးစဉ်များသွားလာစရာရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ သို့သော် အသေးစိတ်ထုတ်ပြောမှုမပြုပေ။ 

“ရှေ့နှစ်ထဲမှာ တစ်ချိန်ချိန်ဖြစ်မယ်လို့တော့ ပြောမယ်။ ရှေ့နှစ်အစောပိုင်းတစ်ချိန်ချိန်ပေါ့”ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမည့်ကိစ္စနှင့်ပတ်သက်၍ ခန့်မှန်းပြောဆိုသည်။ 

ကင်ဂျုံအန်းသည် ပြီးခဲ့သည့် ဇွန်လစင်ကာပူတွင် ကျင်းပပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲ၌ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကို လုပ်ဆောင်သွားပါမည်ဟု ကတိပြုခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ ဝါရှင်တန်နှင့် ပြုံယမ်းအကြား အဆိုပါကိစ္စအတွက် အနည်းငယ်မျှသာ ဆွေးနွေးညှိနှိုင်းဖြစ်ခဲ့ကြသည်။

F-01