News

POST TYPE

LATEST NEWS POST

အကျဉ်းဦးစီးဌာနက ကျောက်ထုတ်ခွင့်လိုင်စင်လျှောက်ထားမှု လွှတ်တော်ကိုယ်စားလှယ်ကန့်ကွက်
09-Nov-2018

မော်လမြိုင်၊ နိုဝင်ဘာ ၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကွင်းအမှတ် ၂၀၈ ကျိုက်ဒေးရုံကွင်းမြေ လေးဧကကို တောင်စွန်းအကျဉ်းဦးစီးဌာနက ယခုနှစ်တွင် လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လိုင်စင်အသစ်လျှောက်ထားမှုကို ကန့်ကွက်စာပေးပို့ထားကြောင်း ဒေသခံလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာ ခင်နိုင်ဦးက ပြောကြားသည်။

“လိုင်စင်အသစ်နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ကန့်ကွက်နိုင်တယ်ဆိုပြီး မြို့နယ်ထွေအုပ်က ကြေညာတယ်၊ ဒီနေရာက ကေလာသတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနဲ့မလွတ်ဘူး၊ မြို့နယ်သစ်တောဌာနကလည်း စာထုတ်ထားပြီးသား၊ ကေလာသသဘာဝနယ်မြေမှာ ကျောက်ထုတ်ခွင့်မရှိဘူးဆိုတာလည်း ပြည်နယ်အစိုးရအနေနဲ့ တားမြစ်ထားပြီးပြီ၊ ဒါကြောင့် ကန့်ကွက်တာ” ဟု ၎င်းက ပြောဆိုသည်။ 

တောင်စွန်း ကျောက်ထုတ်စခန်းတွင် အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၊ အကျဉ်းသားများနေထိုင်ရန် ဆောက်လုပ်ထားသည့် အဆောက်အအုံများနှင့် ကျောက်ထုတ်စခန်းရှိနေသည့်အတွက် ထိုမြေ ၁၁၃၇ ဒသမ ၅၈ ဧကကို သဘာဝနယ်မြေအဖြစ်မှ ထုတ်ပယ်ပေးရန် တောင်းခံခဲ့သော်လည်း ဝန်ကြီးဌာနက ခွင့်ပြုပေးခြင်းမရှိဘဲ အဆောက်အအုံများရှိနေသည့် မြေ ၄၄ ဒသမ ၈၁ ဧက ကိုသာ သဘာဝနယ်မြေမှနုတ်ထုတ်ခွင့်ပြုခဲ့ပြီး ကျောက်ထုတ်လုပ်ခွင့်ကို ၂၀၁၆ ခုနှစ်မှစ၍ ပိတ်သိမ်းထားခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ၎င်းက ရှင်းပြသည်။

“တကယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ဆိုရင် အချက်အလက်တွေ ဘယ်လိုယူလို့ရမလဲ၊ ကျွန်တော့်အနေနဲ့ကျတော့ ဒေသခံလည်းဖြစ်၊ လွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်နေတယ်၊ နောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်နေလို့သာ အချက်အလက်တွေ ယူလို့ရခဲ့တာ”ဟု ဒေါက်တာ ခင်နိုင်ဦးက ဆက်လက်ပြောဆိုသည်။

မွန်ပြည်နယ်တွင် အကျဉ်းဦးစီးဌာနက ကျောက်ထုတ်လုပ်နေသည့် ကျောက်ထုတ်စခန်းလေးခုရှိပြီးဖြစ်၍ ကျောက်ထုတ်စခန်းအသစ် ထပ်မံလျှောက်ထားမှုကို ဝန်ကြီးချုပ်ကလည်း ခွင့်ပြုပေးမည်မဟုတ်ကြောင်း မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောကြားသည်။

“ဝန်ကြီးချုပ်က ခွင့်ပြုမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကျောက်မိုင်းလိုင်စင်က ယစ်မျိုးလိုင်စင်နဲ့အတူတူပဲ အသစ်မပေးဘူး၊ အဟောင်းတွေပဲ သက်တမ်းတိုးပေးတာ၊ ကျောက်မိုင်းလိုင်စင်ရထားပြီး မလုပ်တဲ့သူတွေကိုလည်း ပိတ်သိမ်းလိုက်တာတွေရှိတယ်၊ ဒီနှစ်ကျောက်မိုင်းလိုင်စင် သက်တမ်းတိုးတာ အားလုံးဆိုရင် ၁၁၀ လောက်ရှိမယ်” ဟု ၎င်းကမှတ်ချက်ပြုသည်။

အကျဉ်းဦးစီးဌာနက ကျောက်ထုတ်လုပ်နေသည့် ကျောက်စခန်းများမှာ ပေါင်မြို့နယ်တွင်နှစ်ခုနှင့် ကျိုက်ထိုတွင် နှစ်ခုရှိပြီး ဘီးလင်းမြို့နယ်တွင် ပိတ်သိမ်းထားပြီးဖြစ်ကြောင်း ပြည်နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတ်တမ်းအရ သိရသည်။

R-21