News

POST TYPE

LATEST NEWS POST

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်စီးလာသည့်ကား မြောက်ဦးတွင် ချောင်းထဲသို့ထိုးကျ
09-Nov-2018


စစ်တွေ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စီးလာသည့်ကား ယနေ့ (နိုဝင်ဘာ ၉ ရက်) နံနက် ၅ နာရီကျော်က မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ ချောင်းထဲသို့ထိုးကျခဲ့ကြောင်း ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ဝန်ကြီးချုပ်၏ကား ချောင်းထဲသို့ထိုးကျခဲ့သော်လည်း ဝန်ကြီးချုပ်ထိခိုက်ဒဏ်ရာမရကြောင်း ဦးဝင်းမြင့်က အတည်ပြုပြောကြားသည်။ ဝန်ကြီးချုပ်သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် တရုတ်နှင့်လက်မှတ်ထိုးသည့် နေပြည်တော်ပွဲမှ ပြန်လာခြင်းဖြစ်သည်။

စစ်တွေသို့အပြန်ခရီးတွင် ယာဉ်မောင်းအိပ်ငိုက်သွားခြင်းကြောင့် ထိုသို့ချောင်းထဲသို့ထိုးကျသွားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဝန်ကြီးချုပ်သည် စစ်တွေမြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရှိရသည်။

R-22