News

POST TYPE

LATEST NEWS POST

ပွဲစားဒေါ်ညို ကျပ်သိန်း ၄၀၀ ဖြင့် အာမခံရ၊ တရားလို သရုပ်ဆောင် ဇင်မာဦးမလာ၍ အမှုမစစ်ဖြစ်
09-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၈ 

သရုပ်ဆောင် သီဟတင်စိုးကို မုဒိမ်းမှုကျူးလွန်ကြောင်း လီဆယ်စွပ်စွဲပြောဆိုပြီး ခြောက်လှန့်ငွေတောင်းယူမှုနှင့် ပတ်သက်၍ ဖမ်းဆီးတရားစွဲဆိုခံရသူ ပွဲစား ဒေါ်ညိုမှာ ကျပ်သိန်းလေးရာဖြင့် အာမခံရရှိခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးထံမှသိရှိရသည်။

နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်သော အမှုရုံးချိန်းသို့ တရားလိုဖြစ်သူ ဇင်မာဦးမှာ ခွင့်တိုင်ကြားထားသဖြင့် နိုဝင်ဘာလ ၈ ရက် ရုံးချိန်းမှာ မစစ်ဆေးဖြစ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးထံမှ သိသည်။ 

“မဇင်မာဦးက နာရေးကိစ္စရှိလို့ ခရီးလွန်နေတာကြောင့် ဒီနေ့ရုံးချိန်းကို မစစ်ဖြစ်ခဲ့ဘူး။ လာမယ့် ၁၅ ရက်နေ့ ရုံးချိန်း ပြန်ချိန်းဆိုထားပါတယ်”ဟု တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

သရုပ်ဆောင် မဇင်မာဦးက တရားလိုပြုလုပ်၍ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသော ရာဇသတ်ကြီးပုဒ်မ ၃၈၉ (ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန်တစ်ဦးတစ်ယောက်သောသူအား ပြစ်မှုတစ်ခုနှင့်စွပ်စွဲမည်ဟု ကြောက်အောင်ပြုလုပ်ခြင်း) အမှုဖြင့် အိမ်အကူမခင်မာမြင့်၊ ပွဲစားဒေါ်ညိုတို့မှာ အမှုစဖွင့်ချိန်ကတည်းက ဖမ်းဆီးခံထားရပြီး ယင်းအမှုတွင် ပါဝင်သူ ထွန်းတောက် အိမ်အကူအကျိုးဆောင်လုပ်ငန်းရှင် ဒေါ်မြင့်မှာ ယနေ့အချိန်ထိ ထွက်ပြေးလွတ်မြောက်လျက်ရှိသည်။ 

ယင်းအပြင် အိမ်အကူမခင်မာမြင့်ကို ရာဇသတ်ကြီး ပုဒ်မ - ၂၁၁ (နစ်နာစေရန် အကြံနှင့်ပြစ်မှုကျူးလွန်သည်ဟု မမှန်စွပ်စွဲခြင်း) ဖြင့် တရားစွဲဆိုထားသည့်အမှုမှ တရားလိုပြသက်သေဖြစ်သူမှာ ရခိုင်ပြည်နယ်ဘက်သို့ ခရီးလွန်နေသောကြောင့် အမှုမစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့သည်။

S-03