News

POST TYPE

LATEST NEWS POST

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တရုတ်နှင့် လက်မှတ်ရေးထိုး
09-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်ရန်အတွက် တရုတ်ကုမ္ပဏီ CITIC နှင့် နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

တင်ဒါအောင်မြင်ထားသည့် တရုတ်ကုမ္ပဏီ CITIC နှင့် မြန်မာအစိုးရတို့ အကြား ၂ နှစ်ခွဲကျော်ကြာ ညှိနှိုင်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ အထူးစီးပွားရေးဇုန် စီမံကိန်းပထမအဆင့်ကို စတင်အကောင် အထည်ဖော်ရန် မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်ကုမ္ပဏီ CITIC တို့အကြား မူဘောင်သဘောတူ လက်မှတ်ရေးထိုးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်တို့ တက်ရောက်ခဲ့ကြသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏများပြားခြင်းကြောင့် အဆင့်လိုက်အကောင် အထည်ဖော်သွားမည်ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းထဲမှ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရှယ်ယာပိုင်ဆိုင်မှုကို တရုတ်ကုမ္ပဏီက ၈၅ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ၁၅ ရာခိုင်နှုန်းသာ သတ်မှတ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ယင်းရှယ်ယာပိုင်ဆိုင်မှု ကို မြန်မာဘက်က ၃၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ရန်ပြောင်းလဲ သတ်မှတ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

တရုတ် ကုမ္ပဏီ CITIC ကုမ္ပဏီက အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံ ခန့်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၁၂ ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ 

အဆိုပါ ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံကိန်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ အများအပြားပါဝင်နေခြင်း၊ တရုတ်၏ ကုန်းတွင်းပိတ်ပြည်နယ်များအတွက် ကုန်သွယ်မှုအချက်အချာ ဖြစ် လာနိုင်ခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေ နှင့် ကျောက်ဖြူစီမံကိန်းအပေါ် လက်ဝါး ကြီးအုပ်သွားနိုင်သည့် အခြေအနေမျိုး များကို သတိပြုရန် နိုင်ငံတကာ စီးပွားရေးပညာရှင်များနှင့် ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်အချို့က မှတ်ချက်ပြုပြောကြားထားကြသည်။

J-11