News

POST TYPE

LATEST NEWS POST

မြန်မာ - ထိုင်းနယ်စပ် မြဝတီဂိတ် ကားဖြတ်သန်းခွင့် အစိုးရကန့်သတ်
09-Nov-2018


ဘားအံ၊ နိုဝင်ဘာ ၈

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်စပ်ကုန်သွယ်ရေး အဝင်အထွက်ဂိတ်ကို ည ၈ နာရီမှ နံနက် ၆ နာရီအထိ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ကန့်သတ်လိုက်သည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ကုန်းလမ်းမှ အဓိကကုန်သွယ်ရေးဂိတ်ဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်မှ ကုန်တင်ယာဉ်များနှင့် လူစီးယာဉ်များဖြတ်သန်းသွားလာခွင့်ကို ရပ်နားလိုက်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရုံးက နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်သည်။

ငြိမ်းချမ်းရေးယူထားသည့် လက်နက် ကိုင်တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် များအနေနှင့် ယင်းအချိန်အတွင်း မိမိအဖွဲ့ပိုင်မော်တော်ယာဉ်များနှင့် ကုန်သွယ်ယာဉ်များကို ဖြတ်သန်းသွားလာမှုမရှိစေရေး အသိပေးထားရန်နှင့် အရေးတကြီးသွားလာရမည်ဆိုပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးများ၏ ခွင့်ပြုချက်ရမှသာ သွားလာရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဖွဲ့အစည်းနာမည်သုံးပြီး ဂိတ်များကို ငွေပေးကာ ဖြတ်သန်းသည့် ယာဉ်များကို ကန့်သတ်လိုသည့်အတွက် ထိုသို့ တရား ဝင်စာထုတ်ခြင်း သဘောမျိုးဖြစ်နိုင်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူး ခင်မောင်ဝင်းက ပြောကြားသည်။

“အရင်ကတည်းက အဲဒီသတ်မှတ်ချက်က ကျွန်တော်တို့နဲ့ အစိုးရတပ်ဖွဲ့ကြားထဲမှာ သဘောတူညီပြီးသားပါ၊ အစိုးရတပ်က ခုမှသဘောထားထုတ်ပြန်တာလည်း ဖြစ်နိုင်ပါတယ်၊ အဓိကကတော့ ကုန်သွယ်ရေးဇုန်မှာ Duty (အကောက်ခွန်မဲ့) မဲ့ကားတွေကို တရားမဝင်သွားတဲ့အတွက် ကန့်သတ်တဲ့သဘောပါ၊ ခရီးသည်ယာဉ်တွေနဲ့ အိမ်စီးကားတွေတော့ သွားလို့ရပါတယ်၊ ရုံးချိန်တွေမှာ Duty ဆောင်ပေါ့၊ နောက်ပိုင်းခိုးဖြတ်တာကို ကန့်သတ်တဲ့သဘောပါ”ဟု ၎င်းက ပြောဆိုသည်။

ရင်အမျိုးသားအစည်းအရုံး (KNU) မှ ကားများ မြဝတီမြို့သို့ သွားရောက်လျှင်နှင့် ခရီးထွက်မည်ဆိုပါက အဖွဲ့အစည်းသို့ အကြောင်းကြားသွားရန်နှင့် ခွင့်ပြုချက်ရမှသာ သွားလိုရာသွားရမည်ဖြစ်သည်ဟု အဖွဲ့ဝင်များကို အကြောင်းကြားထားကြောင်း KNU ဘက်က ဆိုသည်။

“KNU ကလည်း နိုင်ငံရေးဆွေးနွေးမှုကနေ ထွက်သွားတယ်ဆိုတော့၊ ငြိမ်းချမ်းရေးဖြစ်စဉ်အနေနဲ့ အဆင်ပြေမယ်၊ မပြေဘူးဆိုတာ မပြောနိုင်ဘူးဖြစ်နေတယ်၊ အဲဒီမှာ ဒီဘက်ကလည်း လုံခြုံရေးအတွက်ကြိုပြီးတော့ ပြင်ဆင်တာလား စဉ်းစားစရာပေါ့၊ ခုဆိုရင် ကရင်ပြည်နယ်ပွဲကလည်း ရှိနေတယ်၊ ဒီကြားကာလမှ ဟိုလိုလို ဒီလိုလိုကောင်တွေက အယောင်ဆောင်ဝင်လာပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှောင့်ယှက်တဲ့အပြုအမူမျိုးလုပ်နိုင်တယ်ဆိုတာမျိုးလည်း ကျွန်တော်တို့ကထည့်စဉ်းစားရမှာပေါ့” ဟု ကရင်ပြည်နယ် ၈၈ ကျောင်းသား မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံဦးမြင့်အောင်က ပြောကြားသည်။

ထိုသို့ကုန်တင်ယာဉ်များနှင့် ခရီးသည် တင်ယာဉ်များအပေါ် ကန့်သတ်မှုနှင့် ပတ်သက်ပြီး ကုန်တင်ယာဉ်များကို သွားလာသည့်အချိန် သတ်မှတ်ခြင်းအားဖြင့် တရားမဝင်ကုန်သွယ်မှုများဖြစ်သည့် သစ်တောထွက်ပစ္စည်း၊ လိုင်စင်မဲ့ကုန်စည်များ၊ မူးယစ်ဆေးဝါးနှင့် လက်နက်များအပါအဝင် တရားမဝင်ကုန်သွယ်မှုကို ကန့်သတ်နိုင်မည်ဖြစ်သဖြင့် လက်ခံကြောင်း၊ သို့သော် အိမ်စီးကားနှင့် ခရီးသည်ယာဉ်များအနေနှင့် ထိုသို့ အချိန်ကန့်သတ်ထားသည့်အတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဒီထုတ်ပြန်ချက်က အဖွဲ့အစည်းတွေကို အဓိကရည်ရွယ်တာထင်တယ်၊ ကုန်တင်ယာဉ်တွေနဲ့ လိုင်းကားတွေ အိမ်စီးကားတွေကတော့ ပုံမှန်သွားနေကြတာပါပဲ” ဟု မြဝတီရန်ကုန်သို့ လိုင်းကားမောင်းနှင်သူ ၃၉ နှစ်အရွယ် ကားဒရိုင်ဘာ တစ်ဦးက ပြောကြားသည်။

R-17